ရွာသစ်မြို့မှာ ဒေသခံ ခြောက်ရာခန့် ပိတ်မိနေပြီး အသတ်ခံရသူ ခြောက်ဦးရှိ

ကယားပြည်နယ်၊ ဘောလခဲခရိုင် ရွာသစ်မြို့မှာ ဇွန်လနောက်ဆုံးအပတ်ကတည်းက ဒေသခံခြောက်ရာခန့် ပိတ်မိနေသလို ထွက်ပြေးသူတွေထဲက ခြောက်ဦးပစ်သတ်ခံခဲ့ ရတယ်လို့ ကရင်နီဒေသ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွာသားတချို့ကို ဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားပြီး အပြင်ထွက်ခွင့်မပေးဘူးလို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ရတဲ့စာရင်းမှာ ရွာသစ်မြို့မှာက လူဦးရေ ၁၂၀၀ ကျော်ရှိတယ်။ အဲဒီမှာ တိုက်ပွဲကြောင့် ထွက်ပြေးနိုင်တဲ့သူက ခြောက်ရာကျော်ရှိတယ်။ ကျန်ခဲ့တဲ့သူက ခြောက်ရာဝန်းကျင် ရှိတယ်ပေါ့နော်။ အဲဒီမှာ စစ်ကောင်စီတပ်က ပိတ်ထားတယ် အပြင်ထွက်ခွင့်မပေးဘူးဆိုတာမျိုး သိထားရတယ်။ ပစ်သတ်ခံရတဲ့သူက ကျွန်တော်တို့စာရင်းအရဆို ခြောက်ဦးရှိပြီ”

ဇွန် ၂၇ ရက်နေ့မှာ နှစ်ဦးသတ်ဖြတ်ခံခဲ့ရသလို ကျန်တဲ့အသတ်ခံရသူတွေကတော့ အဲဒီရက်နောက်ပိုင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး စုစုပေါင်းခြောက်ဦးရှိပြီလို့ ကိုဗညားက ဆိုပါတယ်။

ရွာသစ်မြို့ကို ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်နောက်ပိုင်းကစလို့ စစ်ကောင်စီတပ်က ထိန်းချုပ်ထားပြီး မြို့အဝင်အထွက်တွေကို ပိတ်ထားတယ်လို့လည်း ကိုဗညားက ပြောပါတယ်။

ကရင်နီစစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးကလည်း ပစ်သတ်ခံရသူတွေဟာ ကျောက်စုရွာနဲ့ ရွာသစ်မြို့ကဖြစ်ပြီး သေဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ဦးပါ ပါဝင်တယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ဆီကို အခုလ ၁၄ ရက်နေ့မှ သတင်းရောက်တာ။ ကနဦး သိထားရတဲ့အထဲမှာ အမျိုးသမီး တစ်ယောက်ပါတယ်။ ကျန်တာက အမျိုးသားတွေဖြစ်တယ်ပေါ့နော်။ တိုက်ပွဲတွေဖြစ်တော့ ဖားဆောင်း၊ ကျောက်စုနဲ့ မြို့သစ်ကလူတွေ ထိုင်းဘက်ကိုပြေးတာရှိတယ်။ တချို့က ထိုင်းကလက်မခံလို့ ပြန်လာကြရင်း လမ်းမှာ အဖမ်းခံရတာရှိသလို သတ်ဖြတ်ခံရတာတွေလည်း ရှိတယ်ပေါ့နော်။ ပျောက်နေတာလည်းရှိတယ်။ ကျွန်တော်တို့ အဲစာရင်းတွေက မရသေးဘူး”

ရွာသစ်မြို့မှာ ဒေသခံတွေ ပိတ်မိနေတာနဲ့ ပစ်သတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် ဒီကိစ္စအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဇွန်လ ၁၃ ရက်နေ့က ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ ဇွန်လ ၂၇ ရက်နေ့မှာ တပ်စခန်းတချို့ကို ပြန်လည်သိမ်းပိုက်နိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီတိုက်ပွဲတွေအပြီးမှာ မယ်စဲ့မြို့ကို စစ်အင်အားအလုံးအရင်း ပို့နေသလို ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်မှာ တိုက်ပွဲမကြာခဏဖြစ်နေတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးနေရသူ ကိုးထောင်ဝန်းကျင်ရှိပြီး နယ်စပ်တလျှောက်မှာပဲ ထွက်ပြေးခိုလှုံနေရသူ နှစ်ထောင်ဝန်းကျင်ရှိနေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့တည်ထောင်သူ ကိုဗညားက ပြောပါတယ်။