ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံမှုနဲ့ စွပ်စွဲခံရသူရဲ့ မိခင်နဲ့အစ်မ အသတ်ခံရ

မဘသအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူ အဆိုတော် ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံ သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်း ရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ ဇွန်လ ၆ ရက်နေ့က ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးရွာက သူတို့ရဲ့ နေအိမ်မှာ ပစ်သတ်ခံလိုက်ရပါတယ်။
အသတ်ခံရသူ နှစ်ဦးဟာ အသက် ၄၂ နှစ်အရွယ် ဒေါ်သဲမာလာဝင်းနဲ့ အသက် ၂၄ နှစ်အရွယ် မဆောင်းသဇင်ဦးတို့ ဖြစ်ပါတယ်။
သူတို့ဟာ ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူတွေအဖြစ် ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့ Special Task Force (STF) အဖွဲ့ ဝင် အသက် ၂၃ နှစ်အရွယ် ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်ရဲ့ မိခင်နဲ့ အစ်မ ဖြစ်ပါတယ်။
ဇွန် ၆ ရက် ညနေပိုင်းမှာတော့ ရိုးကြီးရွာမှာရှိတဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ နေအိမ်ကို အဲဒီရွာက မဘသနဲ့ ပျူစောထီးအဖွဲ့ဝင် ကိုနိုင်ကြီးနဲ့ လေးဦး ရုတ်တရက်ရောက်လာပြီး နှိပ်စက်ညှဉ်းပန်းပြီးမှ သတ်ဖြတ်သွားတာလို့ ပြည်တွင်းသတင်းမီဒီယာတချို့က ဖော်ပြပါတယ်။
RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့တဲ့ ရိုးကြီးရွာ ဒေသခံတစ်ဦးကလည်း အမျိုးသမီးနှစ်ဦး ကို ရိုက်နှက်နှိပ်စက်ပြီးမှ ပစ်သတ်သွားတဲ့အကြောင်း အတည်ပြုပြောဆိုပါတယ်။
"မေးမြန်း၊ ကန်ကျောက်၊ ရိုက်နှက်ပြီးမှ သေနတ်နဲ့ ပစ်သတ်သွားတာ။ မသေရုံ ရိုက်ပြီးမှ သေနတ်နဲ့ ပစ်သွားကြတဲ့သဘောပေါ့။ ရွာထဲက လူမိုက် နိုင်ကြီးနဲ့ မဘသ အစွန်းရောက်တွေ လာပစ်သွားတယ်လို့ ပြောနေကြတယ်။ ည ၇ နာရီလောက်။ ဆူညံနေတာ၊ သေနတ်သံတွေလည်းကြားတော့ ကျွန်တော်လည်း အပြင်မထွက်ရဲဘူး။ ဒီကိစ္စ သိပ်မပြောရဲကြဘူး။ ကြောက်လို့ပေါ့လေ။ အသတ်ခံရတာက ဆရာမတွေပဲ။ မူကြိုသင်တာ"
အသတ်ခံရသူ နှစ်ဦးဟာ အဲဒီရွာမှာ ကိုယ်ပိုင် နေ့ကလေးထိန်းကျောင်းလေးဖွင့်ထားပြီး မူကြိုကလေးတွေကို စာသင်ပေးနေသူ ဆရာမနှစ်ဦး ဖြစ်ပါတယ်။
စစ်တပ်နဲ့ မဘသအဖွဲ့ကို ထောက်ခံသူ ဒေါ်လီလီနိုင်ကျော်ဟာ မေလ ၃၀ ရက် ညနေပိုင်းက ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်က သူ့ရဲ့ နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။ ရန်ကုန်၊ မင်္ဂလာဒုံစစ်ဆေးရုံမှာ ကုသမှုခံယူနေစဉ် ဇွန်လ ၆ ရက်နေ့က ကွယ်လွန်သွားပါတယ်။
ဒေါ်လီလီနိုင်ကျော်ဟာ အာဏာသိမ်းပြီးနောက် စစ်တပ်ဝါဒဖြန့် ရုပ်ရှင်နဲ့ ဗီဒီယိုကား တချို့မှာ ပါဝင်သရုပ်ဆောင်ခဲ့သလို စစ်တပ်ထောက်ခံပွဲတွေမှာ တက်ရောက်ဖျော်ဖြေလေ့ ရှိပါတယ်။ မဘသလို့ လူသိများတဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ရဲ့ လူထုစုဝေးပွဲတွေကို တက်ရောက်လေ့ရှိပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူးလို့ လူသိရှင်ကြား ဟောပြောခဲ့သူပါ။
သူဟာ စစ်ကောင်စီအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း အပါအဝင် စစ်တပ် ထိပ်တန်းအရာရှိတွေနဲ့ နီးနီးကပ်ကပ် နေထိုင်လေ့ရှိပြီး စစ်ဗိုလ်ချုပ်တွေနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြလေ့ရှိပါတယ်။
ဒေါ်လီလီနိုင်ကျော်ကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံရတဲ့ Special Task Force (STF) အဖွဲ့ဝင် ကိုကောင်းဇာနည်ဟိန်း (ခ) လပြည့်နဲ့ ကိုကျော်သူရ (ခ) အီးတို့ကို ဖမ်းမိထားကြောင်း စစ်ကောင်စီတပ်က ဇွန်လ ၆ ရက်နေ့က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ထားပါတယ်။