ကော့ကရိတ်မှာ အရပ်သားတွေ ထောင်ဒဏ်၊ ငွေဒဏ်ချခံနေရ
2023.03.20
ကရင်ပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခံထားရတဲ့ ကော့ကရိတ်မြို့နယ်မှာ အချိန်လွန် သွားလာတဲ့သူတွေကို စစ်ကောင်စီတပ်က ဖမ်းပြီးထောင်ချနေတဲ့အတွက် တစ်လကျော်အတွင်း အရပ်သား ပြည်သူ ၁၃ ဦး ထောင်ခြောက်လစီ ကျခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ အာဏာသိမ်းနှစ်နှစ်ပြည့်ချိန်ကစလို့ နိုင်ငံအနှံ့က ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့အထဲမှာ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် တို့လည်း ပါဝင်ပါတယ်။ အဲဒီအချိန်ကစလို့ ကော့ကရိတ်မြို့နယ်ထဲမှာ အချိန်ကျော် သွားလာတဲ့သူတွေကို စစ်တပ်နဲ့ ရဲက ဖမ်းနေတာပါ။ ဖမ်းမိရင် အမျိုးသားတွေကို ထောင်ဒဏ်ပေးပြီး၊ အမျိုးသမီးတွေကို ငွေဒဏ်ရိုက်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက ည ၆ နာရီကနေ မနက် ၇ နာရီဆိုတော့ အခက်အခဲတွေကမျိုးစုံရှိတာပေါ့နော်။ အဲဒီအချိန်တွေ ကို ကျော်ပြီး ထွက်လို့ရှိရင် ဖမ်းပြီးတော့ ထောင်ချတယ်။ အခုဆိုရင် လူတွေက ညနေ ၆ နာရီကျော်ရင် လမ်းပေါ်မှာ မရှိတော့ဘူး။ အကုန်လုံးက သူ့အိမ်ထဲသူ ရောက်ကုန်ပြီပေါ့နော်။ ဈေးသည်တွေကျတော့လည်း ညနေ ၆နာရီခွဲလောက်ဆို ဆိုင်တွေက ပိတ်ကြရတယ်ပေါ့နော်။ အဲဒီ ညမထွက်ရအမိန့် ထုတ်ပြီးတဲ့ နောက်မှာပေါ့နော် တစ်ရက်နှစ်ရက်လောက်ကြာတော့ အပြင်ထွက်တဲ့သူ ၁၅ ယောက်မိတယ်။ အဲဒီ ၁၅ ယောက်ထဲမှာ နှစ်ယောက်က ကျတော့ အစိုးရဝန်ထမ်းဖြစ်လို့ ပြန်ပြီးတော့ လွတ်တယ်။ နောက် ၁၃ ယောက်ကျတော့ ထောင် ခြောက်လစီ ကျတယ် ပေါ့နော်။ အခုနောက်ပိုင်းတော့ ယောက်ျားလေးတွေ ညဘက်အပြင်ထွက်တာတွေ့လို့ ရှိရင် ထောင် တစ်နှစ်ဖြစ်သွားပြီး မိန်းကလေးတွေကျတော့ ဒဏ်ငွေ သုံးသောင်းလောက် ပေးရတယ်”
အခုလို ကော့ကရိတ်မြို့ဘက်မှာ ညနေ ၆ နာရီကနေ မနက် ၇ နာရီအထိ အပြင်ထွက် သွားလာခွင့် အချိန် ကန့်သတ်ချက်ကြောင့် ဒေသအတွင်း နေ့စား၊ ကျပန်းအလုပ်လုပ်တဲ့ သူတွေ၊ ရွာတွေကနေ မြို့ပေါ်လာပြီး ခြံထွက် ဟင်းသီးဟင်းရွက်ရောင်းတဲ့သူတွေ၊ မြို့ပေါ် စျေးတွေနဲ့ ကုန်စုံဆိုင်ရောင်းချသူတွေ အရောင်းအဝယ် မကောင်းကြတော့ဘူးလို့လည်း သူက ပြောပါတယ်။
“အခုညမထွက်ရဆိုတော့ ပန်းရန်လုပ်တဲ့သူတွေ ညဘက်ဆို နောက်ကျတယ်လေ။ အဲတော့ သူတို့ အတွက် ဒုက္ခရောက်တယ်ပေါ့နော်။ နောက်ပြီး ဈေးသည်တွေကျတော့ လည်း ဆိုင်တွေ စောစောပိတ်ရ တယ်လေ။ အဲဒီအတွက် အရင်လိုမျိုး ဈေးတွေ ရောင်းမကောင်းကြတော့ဘူးပေါ့နော်။ အခုက မိန်းကလေးတွေထက် ယောက်ျားလေး တွေကို ပိုပြီးတော့စစ်တယ်။ စာမေးပွဲဖြေတဲ့ကျောင်းနားမှာလေ ဂိတ်တွေလည်း ချထားတယ်။ ပြီးတော့ မြို့ဝင်ဂိတ်တွေမှာလည်း ချထားတာပေါ့နော်။ အဲဒီဂိတ်တွေက မိန်းကလေးတွေဆို သိပ်မစစ်ဘူး။ ဒါပေမဲ့ ယောက်ျားလေးတွေကိုဆို ဆိုင်ကယ်ဘောက် တွေလည်းစစ်တယ်။ ဖုန်းတွေလည်းစစ်တယ်ပေါ့နော်”
ကော့ကရိတ်မြို့နယ်မှာလို ကြာအင်းဆိပ်ကြီးမြို့ဘက်မှာလည်း ဒေသခံတွေ အချိန်ကျော် သွားလာမိတဲ့ သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က တစ်ပတ်လောက်စစ်ဆေး ဖမ်းဆီးချုပ်နှောင် ထားပြီး၊ ပြန်လွတ်ချင်ရင် ငွေ သုံးသိန်းကနေ ငါးသိန်းလောက်အထိ မိသားစုတွေက ပေးနေ ရတယ်လို့ အမည်မဖော်လိုသူ ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက ပြောပါတယ်။
အခုလို အရပ်သားတွေ အဖမ်းခံရ၊ ထောင်ချခံနေရတဲ့အပြင် ညဘက်ဆိုရင် အရပ်ထဲမှာ သေနတ်တွေ နဲ့ ရမ်းသန်းပစ်ခတ်ခြိမ်းခြောက်နေတာတွေရှိတဲ့အတွက် ဒေသခံတွေဟာ ကျည်ကွယ်မျက်ကွယ် နေရာတွေကိုရှာပြီး စိုးရိမ်စိတ်နဲ့ အိပ်နေရတယ်လို့လည်း ပြော ကြပါတယ်။