ကော့ကရိတ်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်ခတ်
2024.10.04
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မြောက်ပိုင်းကျေးရွာတွေကို အောက်တိုဘာလ ၁ ရက်ကနေ ၃ ရက်နေ့အထိ ညဘက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေ့ခင်းပိုင်းတွေမှာတော့ ကြံ့ခိုင်ဖွံ့ဖြိုရေးပါတီတာဝန်ရှိသူတွေနဲ့ ပညာရေးဝန်ထမ်းတွေက အဲဒီရွာတွေမှာ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ ကော့ဘိန်းဒေသခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့ညက ကော့ဘိန်းဘက်နဲ့ ဓမသရွာဘက်ကို စစ်သင်္ဘောကနေ အလုံးကြီး ၁၁ လုံး ပစ်တယ်၊ ည ၉ နာရီလောက်မှာပေါ့၊ နောက်မနက် ၁ နာရီကျော်မှာ ၂ လုံး ထပ်ပြီး ပစ်တယ်၊ ကျုံဒိုးဘက်က ၅၄၅ အမြောက်တပ်က ကမ်းနီအလွန် ကော့ခိုက်ရွာဘက်ကို ည ၁၀ နာရီကျော်မှာ လက်နက်ကြီး ၂ လုံး ပစ်တယ်၊ သူတို့ သန်းခေါင်စာရင်းကောက်မှာကို တော်လှန်ရေးအဖွဲ့တွေ မလာတိုက်အောင်ပေါ့ဗျာ၊ အခုကော့ဘိန်းမှာက ကြံ့ခိုင်ရေးပါတီက မဲမနိုင်တဲ့အမတ် ဇော်လတ်ပေါ့ သူက ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ ကျောင်းဆရာမတွေပေါင်းပြီး စာရင်းလိုက်ကောက်နေတာ ၂ ရက်ရှိပြီပေါ့နော်"
စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်၊ ဥယျာဉ်ခြံ၊ ရာဘာခြံနဲ့ လယ်စိုက်ကွင်းတွေ ပျက်စီးခဲ့ပေမဲ့ လူထိခိုက်တာမျိုးတော့ မရှိသေးပါဘူး။
အခုလို စစ်တပ်က လက်နက်ကြီးတွေ ပစ်ခတ်နေတာနဲ့ပတ်သက်လို့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။
တချိန်တည်းမှာပဲ ကျုံဒိုးမြို့နယ်ခွဲထဲက ဒေါ့ဖျာ၊ ကော့ဘော်၊ ကော့ဖလွှတ်၊ ကော့ကမာ၊ ကော့ခမိ၊ ကမ်းနီကျေးရွာတွေအပြင် နဘူး၊ ထီလုံ၊ ပတကျေးရွာဘက်အထိ ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူတွေက ဦးဆောင်ပြီး သန်းခေါင်စာရင်းကောက်ယူခဲ့တယ်လို့ နဘူးကျေးရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
သန်းခေါင်စာရင်းကောက်သူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှာကို ကြောက်ရွံ့နေကြတယ်လို့လည်း စာရင်းကောက်ခံသူတွေရဲ့ မေးခွန်းတွေကို ဖြေခဲ့ရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ကျွန်မတို့ အပိုင်းကို ရောက်လာတာက အမျိုးသားတစ်ယောက်ပဲ၊ ကျန်တာ အမျိုးသမီးတွေပေါ့နော်၊ သူတို့က ကြံ့ခိုင်ရေးတံဆိပ်ပေါ့၊ အင်္ကျီကတော့ အဖြူပဲ၊ သူတို့ ရင်ဘတ်မှာ ကြံ့ခိုင်ရေးတံဆိပ်တွေ ပါတယ်ပေါ့၊ သူတို့ လူသန်းခေါင်စာရင်း လိုက်ကောက်ရင်းနဲ့မှ ကျွန်မအိမ်ရောက်လာတဲ့ တစ်ယောက်ကပေါ့နော် သူက အရမ်းကြောက်တယ်၊ မိသားစုဘယ်နှယောက်ရှိတယ် မမေးတော့ဘဲနဲ့ သူက လိုတိုရှင်းပဲပေါ့နော် မြန်မြန်မေး မြန်မြန်ဖြေ အဲ့လိုပဲ ပြောတယ်ပေါ့နော်"
စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူတဲ့အခြေအနေအပေါ် ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ စောကလယ်စေးက "ဒီအချိန်ဟာ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းစဉ်တွေ ဘာတစ်ခုမှ တိတိကျကျ မရှိတဲ့အခြေအနေမှာ မလုပ်သင့်သလို ဘယ်တိုင်းရင်းသား ဘယ်တော်လှန်အဖွဲ့တွေကမှ လက်ခံမှာ မဟုတ်ဘူးလို့" ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနကို ပြောဆိုထားပါတယ်။
လတ်တလော ကော့ကရိတ်မြို့နယ် KNU တပ်မဟာ ၆ နဲ့ ၇ နယ်မြေအတွင်းပိုင်း ကျေးရွာတွေကို စစ်ကောင်စီဘက်က သန်းခေါင်စာရင်းကောက်ခံတာ မရှိသေးသလို KNU ဘက်ကလည်း စစ်ကောင်စီ သန်းခေါင်စာရင်းကောက်တာကို တရားဝင်ကန့်ကွက်ကြောင်း စာထုတ်ပြန်တာ မရှိသေးပါဘူး။
လက်ရှိ စစ်ကောင်စီနဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေး ပူးပေါင်းထားတဲ့ ကရင်နယ်ခြားစာင့်တပ်နဲ့ အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့တွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေက ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊ မြဝတီမြို့ပေါ်ရပ်ကွက်နဲ့ အနီးအနားက ကျေးရွာတွေကို အောက်တိုဘာ ၄ ရက်အထိ သန်းခေါင်စာရင်း ကောက်တာတွေ ဆက်ရှိနေပါတယ်။