ကောလင်းမြို့မှာ ပြင်းထန်နေတဲ့တိုက်ပွဲကြား ပြည်သူငါးထောင်ခန့် ပိတ်မိနေ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်နေတာကြောင့် မြို့ပေါ်မှာ ပိတ်မိနေဆဲဖြစ်တဲ့ ပြည်သူငါးထောင်ခန့်ကို ဆက်ပြီး ရှာဖွေကယ်ထုတ် ပေးနေရတယ်လို့ ကောလင်းအခြေစိုက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူငါးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သတင်းတွေရပေမယ့် လုံခြုံရေးအခြေအနေကြောင့် အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၃ ရက် မနေ့မနက် ၃ နာရီခန့်မှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေ ကောလင်းမြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ စစ်ကောင်စီ တပ်သားတွေ ရှိနေတဲ့ အ.ထ.က (၁) ကျောင်းဝင်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲပြင်းထန်နေတာပါ။

နိုဝင်ဘာ ၄ ရက်မှာတော့ စစ်ကောင်စီတပ်သားတွေ ဆက်ရှိနေတဲ့ ကောလင်းမြို့မရဲစခန်းနဲ့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ကာကွယ်ရေးတပ်ဖွဲ့တွေ မကပ်နိုင်အောင် လေကြောင်းက အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် ပြည်သူတွေပိတ်မိနေတာလို့ ဆိုပါတယ်။

ပိတ်မိနေတဲ့ ပြည်သူတွေကို ဆက်တိုက်ကယ်ထုတ်ပေးနေတယ်လို့ ကောလင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

“ထိတွေ့တိုက်ပွဲက မနက်တုန်းက တစ်ကြိမ်ဖြစ်ထားသေးတယ်။ ကယ်ထုတ်ထားတဲ့ ပြည်သူအတိအကျတော့ မသိရသေးဘူး။ လေးဘက်လေးတန်က ထုတ်ရတာဆိုတော့။ တော်တော်များများတော့ လွတ်ကင်းတဲ့နေရာကို ရောက်နေပါပြီ။ အခုလက်ရှိလည်း ထုတ်နေတယ်ဗျ။ ပိတ်မိနေတာတော့ ငါးထောင်လောက်ရှိသေးတယ်။ အခု လောလောဆယ်တော့ သူတို့တပ်စွဲထားတာ ရဲစခန်းနဲ့ ထွေအုပ်ပဲရှိတော့တာဗျ။ ကျန်တဲ့နေရာတွေကတော့ ကိုယ့်ဘက်က အသာစီးယူပြီးပြီ။ တခြားစွဲထားတဲ့နေရာတွေကတော့ ကျွန်တော်တို့ဘက်ကနေ ဝင်ရောက် စီးနင်းပြီးပြီ”

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ လက်ရှိအချိန်အထိ မြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်တာကြောင့် တိတိကျကျ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။

နိုဝင်ဘာလ ၃ ရက် မနေ့ညပိုင်း ၈ နာရီကလည်း တိုက်ပွဲဖြစ်နေတဲ့နေရာနဲ့ ၁၂ မိုင်ခန့်ဝေးတဲ့ ဖလဲရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၃၄ နှစ်အရွယ် ဒေသခံ ဦးနိုင်မင်းဦး ထိမှန်သေဆုံးခဲ့တယ်လို့ ကောလင်းဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက် ဒီနေ့မှာတော့ ကောလင်းမြို့ပေါ်ကို လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်ရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရသလို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေ ဆက်တိုက်တိုက်ခိုက်နေတာပါ။