ကောလင်းမှာ ဖမ်းဆီးခံ အရပ်သားလေးဦး ပျောက်ဆုံးနေ
2023.06.08

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်အတွင်းကို စစ်ကောင်စီတပ်က မေလ ၂၆ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ချိန် ဖမ်းဆီးခေါ်ဆောင် ခံရတဲ့ အရပ်သား ၁၇ ဦးအနက် ရှစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ကြရပေမယ့် လူလေးဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူ ၁၇ ဦးထဲက လူငါးဦးကိုသာ စစ်ကောင်စီတပ်က ပြန်လွှတ်ပေးခဲ့ပြီး ကျန်လေးဦးကတော့ အသက်ရှင်လျက်ရှိ မရှိမသိရဘဲ ပျောက်ဆုံးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ရှစ်ဦးကိုက အလောင်းတွေ့ အတည်ပြုနိုင်တယ်။ ကျွန်တော်တို့ သင်္ဂြိုဟ်ပြီးပြီ။ အားလုံးကို သေနတ်နဲ့ ပစ်သတ်သွားတာ။ ကျန်တဲ့ လေးယောက်က အခုချိန်ထိ ပြန်လွှတ်တာလည်း မရှိသေးဘူး၊ အလောင်းလည်း ရှာလို့မတွေ့သေးဘူး။ ခါတိုင်းဆိုရင် စစ်ကြောင်းက ထွက်သွားပြီဆိုရင် လူလွှတ်ခဲ့တာသော်လည်းကောင်း၊ အလောင်း တွေ့တာသော်လည်းကောင်း ကျွန်တော်တို့ တွေ့တယ်လေ။ အခုဟာက ပျောက်ဆုံး သက်သက်ကြီးဖြစ်နေတော့ ကျွန်တော်တို့လည်း လိုက်ရှာနေတုန်း။ မသိသေးဘူး။ ကျွန်တော်တို့ကတော့ ၉၀ ရာခိုင်းနှုန်း သေဆုံးလို့ပဲတွေးထားတယ်”
ပျောက်ဆုံးနေသူတွေဟာ ချပ်ကုန်းရွာက ဦးဆန်းဦး၊ ဦးမောင်ဝင်းနဲ့ ဘန်ဘွေးကုန်းရွာက ဦးတင်လွင်အောင်၊ ဖိုးဆိုးတို့ဖြစ်တယ်လို့ သူက ပြောပါတယ်။
သတ်ဖြစ်ခံရသူ ရှစ်ဦးကတော့ မုတ်ဝကျေးရွာက အသက် ၅၈ နှစ်အရွယ် ဦးဝင်းဗိုလ်၊ အသက် ၅၀ အရွယ် ဦးဆန်းဦး၊ အသက် ၄၈ နှစ်အရွယ် ဦးဇော်ဦ၊ အသက် ၃၅ နှစ်အရွယ် ဦးဇော်မင်း၊ အသက် ၅၈ နှစ်အရွယ် ဦးဝင်းနိုင်၊ အသက် ၃၂ နှစ်အရွယ် ဦးမျိုးမင်းထွန်း၊ ဖက်ခါးကုန်းကျေးရွာက အသက် ၄၈ နှစ်အရွယ် ဦးဆန်းလင်းနဲ့ အင်းပင်လှကျေးရွာက အသက် ၂၇ နှစ်အရွယ် ကိုအုန်းသီးတို့ဖြစ်ပြီး သူတို့ရဲ့ ရုပ်အအလောင်းတွေကို ဇွန်လ ၅ ရက်နေ့မှာ တွေ့ခဲ့ရတာလို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ခံသာတိုက်နယ် အင်းယား၊ ညောင်ကုန်း၊ ဖက်ခါးကုန်း၊ အင်းပင်လှ၊ ချပ်ကုန်း၊ ဘန်းဘွေးကုန်း၊ မုတ်တ စတဲ့ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ချိန် PDF အဖွဲ့တွေနဲ့ တိုက်ပွဲသုံးကြိမ်ဖြစ်ပွားခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်တွေ့ရတဲ့ကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် သံပုရာရွာဘက်ကိုလည်း စစ်ကောင်စီတပ်က ဇွန်လ ၁ ရက်နေ့ကစလို့ စစ်ကြောင်းထိုးနေပြီး ပိန်းလဟာ၊ ညောင်ခြေထောက်၊ ပျဉ်းလေးပင် စတဲ့ကျေးရွာတွေက နေအိမ်တွေ မီးရှို့ခံထားရသလို ကျေးရွာသားအချို့ ဖမ်းဆီးခံရ တာတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။