ကောလင်းမြို့ပေါ်လက်နက်ကြီးကျပြီး ကလေးအပါ လေးဦးသေဆုံး
2023.07.01
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ကို ဇွန်လ ၃၀ ရက် ည သန်းခေါင်အချိန်မှာ လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲပြီး အသက် ရှစ်နှစ်အရွယ် မိန်းကလေးအပါအဝင် မြို့ခံလေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇွန်လ ၃၀ ရက် ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ဟာ ကောလင်းမြို့ ကျော်ဇေယျာရပ်ကွက် မြောက်ပိုင်းက နေအိမ်နှစ်လုံးပေါ်ကို ကျရောက် ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"မနေ့က ၃၀ ရက်နေ့ ည ၁၂ နာရီလောက်က ဖြစ်တာ။ ကလေးမလေးနာမည်က အိဖူးငုံ အသက် ရှစ်နှစ်။ သူ့အဘွားက ဒေါ်စန်း။ ကျော်ဇေယျာမြောက်၊ သံလမ်းခုံးကျော် အနောက်ဘက်က ရပ်ကွက်တွေပါ"
လက်နက်ကြီးကျည်ဟာ အသက် ၆၀ နှစ်အရွယ် ဦးသာထူးရဲ့ နေအိမ်ပေါ်ကို ကျရောက်ခဲ့ ပြီး ဦးသာထူးအပါအဝင် ဇနီးဖြစ်သူ အသက် ၆၅ နှစ်အရွယ် ဒေါ်စန်း၊ မြေးဖြစ်သူ အသက် ရှစ်နှစ်အရွယ် မအိဖူးငုံ တို့ သေဆုံးခဲ့တာပါ။ နောက်ထပ် လက်နက်ကြီးကျည်တစ်လုံးဟာ ဦးသာထူးအိမ်အနီးက အသက် ၄၃ နှစ်အရွယ် ဒေါ်ဇာခြည်ဦးရဲ့ နေအိမ်ပေါ်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဒေါ်ဇာခြည်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က ဖုန်းနဲ့ဆက်သွယ်ရာ မှာ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အရပ်သား ၂၄၅၄ ဦးဟာ တိုက်ပွဲပဋိပက္ခတွေ ကြားမှာ သေဆုံးခဲ့ရတယ်လို့ သုတေသနအဖွဲ့ ISP Myanmar က ဇွန်လ ၁၄ ရက်နေ့က ထုတ်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။