ကော်သူးလေနယ်မြေမှာ ကိုးလအတွင်း ပြည်သူ ၁၄၀ သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်
2023.11.04

ကရင်အမျိုးသားအစည်းအရုံး (KNU) ကော်သူးလေနယ်မြေအတွင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ စက်တင်ဘာလကုန်အထိ ကိုးလအတွင်း စစ်ကောင်စီတပ်ကြောင့် ဒေသခံ ၁၄၀ သေဆုံးခဲ့ပြီး ၄၆၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က နိုဝင်ဘာ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ကိုးလအတွင်း လေကြောင်းတိုက်ခိုက်မှု (၃၆၅) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာ ပြည်သူ ၂၆ ဦး သေဆုံးကာ ၅၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ တစ်ထောင်ကျော် (၁၂၇၂ ကြိမ်) ရှိခဲ့ပြီး လက်နက်ကြီးကျည်အလုံးရေ ၄၅၂၄ လုံးထက်မနည်းပစ်ခတ်ခဲ့တာကြောင့် နေအိမ်ရာနဲ့ချီ ပျက်စီးခဲ့သလို ပြည်သူ ၆၀ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၃၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ပြောပါတယ်။
စစ်ကြောင်းထိုးရင်း ပစ်ခတ်မှု၊ နင်းမိုင်းနဲ့ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် ၅၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်တာ၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာနဲ့ နေအိမ်တွေကို မွှေနောက် မီးရှို့တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အကြိမ်ရေ နှစ်ထောင်နီးပါး( ၁၈၄၇ ကြိမ်) ထက်မနည်း ကျူးလွန် ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူနေအိမ် ၁၅၈၄ လုံးနဲ့ စာသင်ကျောင်းဆယ်ကျောင်းအပါအဝင် ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေး ကျောင်းတွေနဲ့ တခြားအဆောက်အအုံ ဆယ်နဲ့ချီ ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ ပဲခူးတိုင်း စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနဲ့ မွန်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်တို့ကို RFA က နိုဝင်ဘာလ ၄ ရက်နေ့ ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။
စစ်ကောင်စီတပ်က ကိုးလအတွင်း လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုအပြင် ရွာတွေထဲ စီးနင်း ဝင်ရောက်မှုတွေကြောင့် KNU ကော်သူးလေနယ်မြေအတွင်း ပြည်သူခုနစ်သိန်းကျော် (၇၁၇,၆၂၆ ဦး)ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။