သုံးနှစ်ကျော်အတွင်း ကယားမှာ အရပ်သား ခုနစ်ရာခန့် သေဆုံး
2024.10.02
ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ က ၂၀၂၄ စက်တင်ဘာလ ၃၀ ရက်နေ့ အထိ အရပ်သား ခုနစ်ရာခန့် (၆၈၃ ဦး) သေဆုံးသွားတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က RFA ကို ပြောပါတယ်။
သေဆုံးသူတွေ ထဲမှာ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လို့ သေဆုံးခဲ့ရတဲ့ အရပ်သား ၅၂၀ ဦး ရှိပြီး စစ်ဘေးရှောင်ရင်း သေဆုံးရသူ အရပ်သား ၁၆၃ ဦးရှိခဲ့တယ်လို့ PKPF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်ဘေးရှောင်ရင်း သေဆုံးရသူတွေထဲမှာ လက်နက်ကြီးထိတာ၊ ဆေးဝါးမလုံလောက်လို့ အချိန်မီဆေး မကုနိုင်လို့ သေဆုံးရတာတွေလည်းရှိတယ်လို့ PKPF တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
ကယားပြည်နယ် (ကရင်နီပြည်) မှာ အရပ်သားတွေ ပစ်မှတ်ထား သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ အများအပြားရှိပြီး တရားမျှတမှုရဖို့ လိုတယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ ကရင်နီ အမျိုးသမီးအစည်းအရုံး တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
“အသက်ဆုံးရှုံးရတဲ့ ဒေသခံပြည်သူတွေက ဘာမှတရားမျှတမှုမရဘူးပေါ့နော်။ ကျွန်မတို့ ရွာမှာပဲ အမျိုးသမီးတစ်ယောက် စစ်ရှောင်ရင်း အိမ်ပြန်တာ လက်နက်ကြီးထိပြီး သေဆုံးသွားတာမျိုးရှိတယ်။ ပြည်သူတွေက ကိုယ်အိမ်နဲ့ ကိုယ့်ခြံ ပြန်တာတောင်မှ အသက်သေဆုံးနေရတာမျိုး ဖြစ်နေတယ်”
တိုက်ပွဲကာလအတွင်းမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ကရင်နီတပ်မတော် (KA) တပ်ဖွဲ့ဝင်တွေ အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က ခြောက်ရာကျော် (၆၅၅ ဦး) သေဆုံးခဲ့တယ်လို့ PKPF ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ကယားပြည်နယ် (ကရင်နီပြည်) မှာ အာဏာသိမ်းသုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးသူ သုံးထောင်ကျော် (၃၅၃၃ ဦး) ရှိတယ်လို့ PKPF က ပြောပေမဲ့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရသူ လက်ထောက်ညွန်ကြားရေးမှူး ဦးဇာနည်မောင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။