ကယားက စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်

RFA Burmese
2023.11.07
ကယားက စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက် စစ်ကောင်စီတပ် အမှတ် ၁၀၀၄ ပန်တိန်းစခန်းက သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။
KnIC

ကယားပြည်နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးအဖွဲ့ (KNDF) ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"ကရင်နီမှာရှိတဲ့ တော်လှန်ရေးအဖွဲ့တွေစုပေါင်းပြီး မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ်စခန်းကို ဒီနေ့ (နိုဝင်ဘာ ၇ ရက်) မနက်မှာ တိုက်ခိုက်သိမ်းဆည်းခဲ့တာပါ"

မယ်စဲ့မြို့နယ်က စစ်ကောင်စီတပ်ရဲ့ အမှတ် ၁၀၀၄ ပန်တိန်းစခန်းကို နိုဝင်ဘာ ၇ ရက်နေ့မှာ တိုက်ခိုက်သိမ်းဆည်းခဲ့တာပါ။

ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ)၊ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးဖွဲ့ (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့ပူးပေါင်းပြီး တိုက်ခိုက်သိမ်းဆည်းခဲ့တာပါ။

ဒီလိုဆောင်ရွက်တာဟာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ "၁၀၂၇ စစ်ဆင်ရေး" ကို အားပေးတဲ့အနေနဲ့ "၁၁၀၇ စစ်ဆင်ရေး" ကို ဆောင်ရွက်တာလို့လည်း ကလလတ ပြောရေးဆိုခွင့်ရှိသူက သတင်းမီဒီယာတချို့ကို ပြောထားပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်စခန်း နှစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ တချို့သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။ သိမ်းပိုက်ခဲ့တဲ့ စခန်းအရေအတွက်ကို သိရဖို့ RFA က စုံစမ်းနေဆဲဖြစ်ပါတယ်။ KNDF ပြောရေးဆိုခွင့်ရှိသူကတော့ စခန်းတစ်ခုကိုသိမ်းခဲ့တာလို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိခဲ့ပေမဲ့ အရေအတွက် အတိအကျကိုတော့ မသိရသေးဘူးလို့ KNDF ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ကယားပြည်နယ်အတွင်းမှာရှိနေတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အရာရှိ၊ အရာခံနဲ့ တပ်သားတွေအပါအဝင်၊ အုပ်ချုပ်ရေးဆိုင်ရာ အမှုထမ်း၊ အရာထမ်းနဲ့ ဝန်ထမ်းတွေအနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ အမြန်ဆုံးလာရောက်ပူးပေါင်းဖို့လည်း ကရင်နီပြည် လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) က နိုဝင်ဘာ ၂ ရက်နေ့မှာ သတိပေးချက် ထုတ်ထားပါတယ်။

တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ပူးပေါင်းဖွဲ့စည်းထားတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” ကို အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့ပြီး ရှမ်းပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းဆည်းနေတာပါ။

နိုဝင်ဘာ ၅ ရက်နေ့အထိ စစ်ကောင်စီလက်အောက်ခံ စခန်း ၁၂၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်အဖွဲ့တွေက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။