စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ဇူလိုင်လ ၁၃ ရက်နဲ့ ၁၄ ရက် နှစ်ရက်အတွင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာကြောင့် ရွာ ၁၂ ရွာက ဒေသခံ ခြောက်ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကန့်ဘလူ - ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
" ဇူလိုင် ၁၄ရက်နေ့က စစ်ကြောင်းထိုးတာကြောင့် ညောင်ပင်ရွာမ ၊ ဉာဏ်အင်း၊ ရွာသစ် ရွာတွေ ထွက်ပြေးရတယ်၊ ၁၃ ရက်နေ့တုန်းက ဇီးကုန်းသကြားစက်က ထွက်လာတဲ့စစ်ကြောင်းက သပြေသာတို့ ဖိုလ်ကုန်းတို့ဘက်မှာ ယာယီတပ်စွဲထားတဲ့အခါကျတော့ အဲ့ရွာပတ်ဝန်းကျင်က ရွာတွေက ထွက်ပြေးတိမ်းရှောင်နေရတာပေါ့ ရွာထဲကလူတွေကို ပျူစောထီးသင်တန်း အတင်းအကျပ် တက်ရောက်ခိုင်းတာတွေလည်း ရှိတယ်၊ အဲတာကြောင့် ရွာမပြန်ရဲဘဲ ရွာလုံးကျွတ်ထွက်ပြေးနေရတဲ့ ရွာတွေရှိတယ်"
စစ်ကောင်စီစစ်ကြောင်းတွေကြောင့် ညောင်ပင်ရွာမ၊ ဥာဏ်အင်း၊ ရွာသစ်၊ သပြေသာ၊ ဖိုလ်ကုန်း၊ ကျောင်းကုန်း၊ မင်းဘာ၊ လက်ထုတ်ကုန်း၊ ရင်ခတ်ကုန်း၊ ကိုးမြို့ စတဲ့ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေကြတာဖြစ်ပါတယ်။ ရွာထဲမှာ နေအိမ်တွေမီးရှို့ခံရတာရှိပေမဲ့ အရေအတွက် အတိအကျကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးစောနိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ထုတ်ပြန်ချက်အရ အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း စစ်ကိုင်းတိုင်းမှာ နေအိမ် ၅၃,၈၁၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။