စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဇူလိုင်လ ၃ ရက် ညကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာပေါင်း ဆယ်ရွာကျော်က အရပ်သား တစ်သောင်းကျော် ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၃ ရက် ည ၉ နာရီခွဲမှာ အင်အား တစ်ရာခန့်ပါတဲ့ စစ်ကြောင်းက ခင်ဦးမြို့နယ် ကုလားလူး ရွာအနီးကို စစ်ကြောင်းထိုးလာတာကြောင့် ကုလားလူး၊ ရှားလွင်၊ ထနောင်းကိုင်းကြီး၊ ထနောင်းကိုင်းလေးနဲ့ ယောက်သွားအိုင် ရွာတွေက ဒေသခံ သုံးထောင်ကျော် ညတွင်းချင်း ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဇူလိုင်လ ၄ ရက် ဒီနေ့မနက်မှာလည်း စစ်ကြောင်းဆက်ထိုးနေတာကြောင့် ရွာဇင်၊ တမုတ်၊ အုန်းပင်ကုန်း၊ စိုင်ခေါင်း၊ မောင်းကျောက်တော၊ လက်ပံကုန်း စတဲ့ရွာတွေက လူ ခုနစ်ထောင်ကျော် ထွက်ပြေးနေရတာလို့ ဒေသခံတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။
“မနေ့က ညကြီးမင်းကြီး ဝင်လာတာ။ ညကလည်းပြေးရတယ်၊ အခုလည်း ပြေးနေရတုန်းပဲ။ အခုဟာက ကုလားလူးရဲ့ အရှေ့ဘက်ကို တစ်ဖွဲ့၊ ကုလားလူးရဲ့ တောင်ဘက်ကို တစ်ဖွဲ့ နှစ်ဖွဲ့ခွဲပြီးတော့ စစ်ကြောင်း ထိုးနေတယ်။ ရွာထဲလည်း ပြန်လို့မရ၊ ဘယ်မှလည်းထွက်မရ ပိတ်မိနေတာပေါ့”
ထွက်ပြေးနေရတဲ့ ဒေသခံတွေဟာ တောထဲနဲ့ တောင်ပေါ်တွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး စားသောက်ရေးအတွက် အခက်အခဲဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
အာဏာသိမ်း နှစ်နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှာ ဘာသာရေးအဆောက်အအုံတွေ အပါအဝင် ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ခြောက်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီး ခံထားရပြီး အရပ်သားသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက် စာရင်းအရ အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းက ဒေသခံ ၇၆၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။