လက်နက်ကြီးကြောင့် ခင်ဦး ဒေသခံသုံးဦး ဒဏ်ရာရ
2023.07.23
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဇူလိုင်လ ၂၃ ရက် မနက်ပိုင်းမှာ ရွှေယမင်းရွာ အရပ်သားသုံးဦး ဒဏ်ရာရှိခဲ့ပြီး လေးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေဟာ ရွှေယမင်းရွာက အသက် ၄၃ နှစ်အရွယ် ဒေါ်အေးအေးခိုင်၊ အသက် ၁၁ နှစ်အရွယ် မောင်ကံချွန်နဲ့ အသက်၂၃ နှစ်အရွယ် ကိုဇေယျာဦးတို့ ဖြစ်ပါတယ်။
ဒီအပြင် ရွှေယမင်းရွာ၊ သိမ်တော်၊ ကြာပင်အိုင်၊ ကံကြီးကုန်းနဲ့ တယ်ဘိုပင်ရွာတွေက အရပ်သားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
"သိမ်တော်ရွာနဲ့ ရွှေယမင်းက တစ်မိုင်လောက်ပဲ ကွာတာ။ အဲဒါကို သိမ်တော်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ သုံးဦးထိသွားတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိတော့ဘူး။ အဓိကကတော့ ခါးနဲ့ လက်မောင်း၊ ရင်အုံတို့ကို လာစင်တာပေါ့။ စစ်ကြောင်းက တယ်ဘိုပင်မှာ ရှိနေတယ်။ အဲဒီမှာ ညအိပ်ဖို့ များပါတယ်"
ဒဏ်ရာရသူတွေကိုလည်း ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ထားပြီး ဆေးကုသမှု ပေးနေတယ်လို့ သူက ဆိုပါတယ်။
ခမရ-၇၀၂နဲ့ ခမရ-၇၀၈ တပ်ရင်းတွေက စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ခင်ဦးမြို့နယ်မှာ နယ်မြေရှင်းလင်းရေး လုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးစောနိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ရာမှာလည်း လက်ခံဖြေဆိုတာ မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဇူလိုင်လ ၁၅ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းမှာ ၇၇၈၉၀၀ ဦး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။