ခင်ဦး အလယ်ရှိုရွာမှာ လူ ၁၇ ဦး အဖမ်းခံရပြီးနောက် ရှစ်ဦးသတ်ဖြတ် မီးရှို့ခံရကြောင်း ဒေသခံတွေပြော

RFA Burmese
2023.01.02
ခင်ဦး အလယ်ရှိုရွာမှာ လူ ၁၇ ဦး အဖမ်းခံရပြီးနောက် ရှစ်ဦးသတ်ဖြတ် မီးရှို့ခံရကြောင်း ဒေသခံတွေပြော စစ်ကိုင်းတိုင်း ခင်ဦးမြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အလယ်ရှိုရွာက ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၇ ဦးကို စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၈ ရက်နေ့က ဖမ်းဆီးသွားပြီးနောက် အဲဒီနေ့ ညနေပိုင်းက ရွာပြင်မှာ သတ်ဖြတ်မီးရှို့ခံထားရတဲ့ လူရှစ်ဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

အဖမ်းခံရသူ ၁၇ ဦးဟာ အသက် ၂၀ ကနေ ၄၀ အရွယ်ရှိတဲ့ အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ခုနစ်ဦးဖြစ်ပြီး မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေနဲ့ ပတ်သက်လို့ ခန္ဓာကိုယ်အစိတ်အပိုင်း တချို့သာ ပြန်ရတာကြောင့် နာမည် အတိအကျ မသိရသေးဘူးလို့ အမည်မဖော်လိုတဲ့ ခင်ဦးမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

"မီးရှို့သတ်ဖြတ် ခံထားရတာက ရှစ်ဦးပေါ့။ အလယ်ရှိုရွာသားတွေပါ။ မိသားစုဝင်တွေကလည်း ဟိုပြေး ဒီပြေးဆိုတော့ နာမည်၊ အသက် အတည်ပြုဖို့က ခက်နေသေးတာ။ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ အစိတ်အပိုင်းတွေကိုတော့ ရွာသုသာန်မှာပဲ သင်္ဂြိုဟ်လိုက်ပါပြီ"

ကျန်နေသေးတဲ့ အမျိုးသမီး ခုနှစ်ဦးနဲ့ အမျိုးသား နှစ်ဦးကတော့ ဆက်လက် ဖမ်းဆီးထားသလား၊ သတ်ပစ်လိုက်သလားဆိုတာ အတည်မပြုနိုင်သေးဘူးလို့ သူကပြောပါတယ်။

PDF အဖွဲ့တွေနဲ့ ပတ်သက်လို့ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ အင်အား ၇၀ နီးပါးပါ တပ်မ-၃၃ လက်အောက်ခံ စစ်ကြောင်းဟာ အလယ်ရှိုရွာကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စီးနင်းဝင်ရောက် ပြီးနောက် ဒေသခံတွေ အခုလို ဖမ်းဆီးခံ ရတာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကိုင်းတိုင်း၊ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဖမ်းဆီးခံထားရတာနဲ့ သေဆုံးသွားတဲ့ ဒေသခံတွေဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ သက်ဆိုင်တာမျိုး မရှိဘဲ သာမန်လက်လုပ်လက်စား သမားတွေသာ ဖြစ်တယ်လို့ ခင်ဦးမြို့နယ် ကာကွယ်ရေးတပ်က အမည်မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

"စစ်တပ်လော်ဘီ ချန်နယ်က တင်ထားတာတွေ့တယ် PDF တွေနဲ့ လက်နက်တွေ မိတယ်ဆိုပြီးတော့ပေါ့။ ဒါကို ကျနော်တို့ ငြင်းပါတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ ရွာသားတွေနဲ့ ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေရော အမျိုးသားတွေရော အလယ်ရှိုရွာက တောင်သူတွေပါ။ ကျနော်တို့ အဖွဲ့နဲ့ ဘာမှ မသက်ဆိုင်ဘူး။ သူတို့က သတ်ဖြတ်ပြီးရင်တော့ PDF လို့ ခေါင်းစဉ်တပ်တော့တာပဲ"

အလယ်ရှိုကျေးရွာဟာ အိမ်ခြေ တစ်ထောင်ခန့်နဲ့ လူဦးရေ လေးထောင်ကျော် နေထိုင်တဲ့ ကျေးရွာဖြစ်ပြီး ကျေးရွာသားတွေအားလုံး ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်က အလယ်ရှိုရွာထဲမှာ နေရာယူထားဆဲဖြစ်ပြီး ထွက်ပြေးတိမ်းရှောင် နေကြတဲ့ ရွာသားတွေကို ပြန်လာကြဖို့ ခြိမ်းခြောက်ပြောဆိုမှုတွေ ရှိပေမယ့် ဒေသခံတွေကတော့ ရွာကိုပြန်မလာရဲကြသေးဘဲ ထွက်ပြေး တိမ်းရှောင် နေကြရဆဲပဲလို့ ဒေသခံတွေကပြောပါတယ်။

ဇန်နဝါရီ ၁ ရက် မနေ့ နေ့လယ်က ရွာထဲက နေအိမ်အချို့ မီးရှို့ခံရတာကို အဝေးက လှမ်းမြင်ရပေမယ့် ပျက်စီးဆုံးရှုံးမှု အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။