ခင်ဦးမြို့နယ် အလယ်ရှိုရွာမှာ အဖမ်းခံရတဲ့ ဒေသခံ ၁၇ ဦးရှိလာ

RFA Burmese
2023.01.01
ခင်ဦးမြို့နယ် အလယ်ရှိုရွာမှာ အဖမ်းခံရတဲ့ ဒေသခံ ၁၇ ဦးရှိလာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နေရပ်စွန့်ခွာထွက်ပြေးနေရသော စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များ။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာက ဒေသခံ ၁၇ ဦးကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ကနေ ၃၁ ရက်အတွင်း စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးခဲ့တယ်လို့ ခင်ဦးဒေသခံ တွေက ပြောပါတယ်။

အဖမ်းခံရသူတွေထဲမှာ အသက် ၂၀ ကနေ ၄၀ ဝန်းကျင် အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ခုနစ်ဦး ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်ကြောင်းက ရွာထဲဝင်လာချိန် ပြေးဖို့မလွတ်တော့တဲ့ ရွာခံတွေ ဖမ်းခံလိုက်ရတာ။ ပထမဆုံးနေ့က အမျိုးသား ရှစ်ဦးနဲ့ အမျိုးသမီးခြောက်ဦး အဖမ်းခံရပြီးနောက် ဆက်တိုက်အဖမ်းခံရတာ။ ရွာထဲမှာ မီးရှို့တာနဲ့ သေနတ်သံတွေလည်း မနေ့ကအထိ ဆက်တိုက်ကြားရတယ်။ ရွာအခြေအနေတော့ ဘာမှမသိရသေးဘူး။ အခုရွာထဲကို ပြန်ဝင်လာဖို့ စစ်ကောင်စီတပ်တွေက ပြောတယ်။ ပြန်မလာရင် ရွာကို မီးရှို့မယ်ဆိုပြီး တော့။ ရွာထဲတော့ ဘယ်သူမှ ပြန်မဝင်သေးဘူး”

ဖမ်းဆီးထားတဲ့ ၁၇ ဦးစလုံးကို စစ်ကောင်စီတပ်သားတွေက သတ်ဖြတ်လိုက်ပြီလို့ ဒေသခံတချို့က ပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

အလယ်ရှိုရွာထဲကိုဝင်လာတဲ့ စစ်ကြောင်းဟာ အင်အား ၇၀ လောက်ပါတဲ့ တပ်မ - ၃၃ လက်အောက်ခံ တပ်တွေကဖြစ်တယ်လို့ ခင်ဦးမြို့နယ်အခြေစိုက် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

ရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်ညနေပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုကိုတော့ အတည်မပြု နိုင်သေးဘူးလို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ဆိုပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။

လက်ရှိ အလယ်ရှိုရွာက ဒေသခံလေးထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရပြီး အစားအသောက်နဲ့ အဝတ်အထည် အကူအညီတွေ လိုအပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့  ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ တစ်နိုင်ငံလုံးမှာ ဖမ်းဆီးခံရသူ ၁၃,၂၁၇ ဦးရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။