စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ကန်သစ်ရွာကို မေလ ၁၉ ရက်မနေ့ညနေက စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး အင်အားတစ်ရာခန့် ဝင်ရောက်လာပြီး နေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
အဲဒီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ကန်သစ်ရွာ အပါအဝင် နှောကုန်း၊ မောက်ပက်၊ ဂွေးကုန်း၊ မြစ်တော် စတဲ့ရွာတွေက ဒေသခံ နှစ်ထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွှေဘိုမြို့နယ်၊ ညောင်ပင်သာစိုက်ပျိုးရေးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ ပူးပေါင်းအဖွဲ့တွေ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး နယ်မြေရှင်းလင်းရေး လုပ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ ရွာထဲဝင်လာပြီးနောက် နေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် စုစုပေါင်း နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အဲဒီမှာ တိုက်ပွဲဖြစ်တာ မရှိဘူး။ ကန်သစ်ရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်လာပြီး မီးရှို့သွားတာ။ အောင်ချမ်းသာရွာမှာလည်း မီးရှို့သေးတယ်။ အဲဒီဘက်က အိမ်ခြေနည်းနည်းပဲ မီးထဲပါသွားတာ။ ကန်သစ်ရွာက အခုတစ်ကြိမ်နဲ့ဆို သုံးကြိမ်ရှိပြီ မီးရှို့ခံရတာ”
ကန်သစ်ရွာဟာ ၂၀၂၂ ခုနှစ်ကလည်း နှစ်ကြိမ်မီးရှို့ခံခဲ့ရတာကြောင့် နေအိမ် ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ ဒီအခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးသလို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံတွေရဲ့နေအိမ်တွေကို သူတို့တပ်သားတွေ ဘယ်တော့မှမီးမရှို့ဘူးလို့ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ RFA က မေးမြန်းချိန်မှာ ငြင်းဆိုထားဖူးပါတယ်။
အာဏာသိမ်းနှစ်နှစ်ကျော်ကာလအတွင်း ခင်ဦးမြို့နယ်ထဲမှာ ရွာပေါင်း ၇၀ က နေအိမ်ပေါင်း ငါးထောင်နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ခင်ဦးမြို့နယ်ထဲမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။