ခင်ဦးမှာ စစ်ကြောင်းကြောင့် ဒေသခံ သုံးထောင်ခန့် ထွက်ပြေးနေရ

RFA Burmese
2023.06.09
ခင်ဦးမှာ စစ်ကြောင်းကြောင့် ဒေသခံ သုံးထောင်ခန့် ထွက်ပြေးနေရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ် ဇွန်လ ၉ ရက်နေ့က တွေ့ရစဉ်။
ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ရွာလေးရွာကို ဇွန်လ ၉ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က စစ်ကြောင်းထိုးလာတာကြောင့် ရွာသား သုံးထောင်ခန့် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့နယ် သံဘိုရွာ တောင်ဘက်ခြမ်းကို အရင်ဆုံး ရောက်လာပြီး သံဘိုရွာနဲ့ ရေအေးကုန်းရွာကို ဆက်တိုက်ဝင်ရောက်ခဲ့တာကြောင့် သံဘိုရွာ၊ ရေအေးကုန်းရွာ၊ ချောင်းဆုံရွာနဲ့ ကျီးကန်ရွာက ရွာသူရွာသား သုံးထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဒီနေ့မနက်ပိုင်းက RFA ကို ပြောပါတယ်။

"ဒီမနက် စစ်ကြောင်းလာလို့လေ ရေအေးကုန်းရွာထဲကို လက်နက်ကြီးတွေပစ်ပြီး ဝင်နေကြတာလေ။ ရေအေးကုန်းရွာထဲကို စစ်ကြောင်းက ရောက်နေပြီ။ လက်နက်ကြီးသံတွေ ကြားနေရတယ်ဗျ"

ဒေသခံတွေဟာ ရာသီဥတု မကောင်းတဲ့ဒဏ်ကို ခံစားနေရတဲ့အပြင် မိုးတွင်းကာလ ဖြစ်တာကြောင့် ရွှံဗွက်ထူတဲ့ လမ်းခရီးကို ခက်ခက်ခဲခဲဖြတ်သန်းပြီး ထွက်ပြေးနေရတယ်လို့ သူက ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိ ဇွန်လ ၉ ရက်နေ့ မနက် ၁၁ နာရီအထိ စစ်ကောင်စီတပ်ဟာ ရေအေးကုန်းရွာထဲကို ဝင်ရောက်နေပေမယ့် နေအိမ် မီးရှို့ခံရတာနဲ့ တိုက်ပွဲဖြစ်တာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲကို ဇွန်လ ၁ ရက်နေ့ကစလို့ ထိုးစစ်ဆင်နေပြီး ဇွန်လ ၄ ရက်နေ့မှာ ကံသစ်ရွာ၊ ဇွန်လ ၂ ရက်နေ့မှာ ကျီးအိုင်ရွာနဲ့ ဇွန်လ ၁ ရက်နေ့မှာ ရွာသစ်ရွာက နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။