ခင်ဦးမှာ စစ်ကြောင်းဝင်လာလို့ ဒေသခံ ငါးထောင်ခန့် ထွက်ပြေးရ
2023.07.26
စစ်ကိုင်တိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာတွေကို ဇူလိုင်လ ၂၆ ရက် ဒီနေ့မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေ စစ်ကြောင်းထိုးနေလို့ အရပ်သား ငါးထောင်လောက် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မနက်မှာ ရွှေဘိုမြို့နယ်ထဲကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ခင်ဦးမြို့နယ် သံဘိုရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက် လာတာကြောင့် သံဘို၊ ရေအေးကုန်း၊ ကျီးကန် စတဲ့ရွာတွေက ဒေသခံ သုံးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် မဒေါင်းလှရွာကထွက်လာတဲ့ ပျူစောထီးအဖွဲ့တွေကလည်း ဒီနေ့မနက်မှာပဲ ပေါက်တောရွာကို ဝင်ရောက်လာတာကြောင့် ပေါက်တော၊ အင်ကြင်းပင်၊ စောကြီး စတဲ့ရွာတွေက ဒေသခံ နှစ်ထောင်လောက် ထွက်ပြေးနေရတာပါ။
ပေါက်တောရွာက အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း ပျူစောထီးအဖွဲ့တွေ ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ပေါက်တောရွာက လူငယ်တစ်ဦး အဖမ်းခံရတယ်။ သူတို့ မဒေါင်းလှကို ခေါ်သွားတယ်။ သံဘိုဘက်က စစ်ကြောင်းကတော့ ခင်ဦးကထွက်လာမယ့် စစ်ကောင်စီတပ်သားတွေကို လာကြိုတာလို့ သိရတယ်”
ဒီကိစ္စတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း ခင်ဦးမြို့နယ်မှာ ရွာပေါင်း ၇၆ ရွာက နေအိမ်ပေါင်း ခြောက်ထောင်ဝန်းကျင် မီးရှို့ဖျက်ဆီးခံထားရပြီး အရပ်သား သုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံးထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံ ရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရ ပါတယ်။