ခင်ဦးမြို့နယ်မှာ လက်နက်ကြီးကြောင့် ကလေးတစ်ဦးသေ၊ ငါးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် သက်ပေးရွာထဲကို ဇူလိုင်လ ၁၉ ရက် ဒီနေ့မနက်ပိုင်း လက်နက်ကြီးကျည် ကျရောက်ပေါက်တာကြောင့် ကလေး တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့တယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ် တိုင်းရင်းရင်းဆေးရုံမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သေဆုံးသူဟာ အသက်ခြောက်နှစ်အရွယ် မောင်မိုးထက်ဝေဖြစ်ပြီး မိသားစုဝင် ငါးဦးပါ ဒဏ်ရာရခဲ့တယ်လို့ ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် က ပြောပါတယ်။

“ရေဦးတိုင်းရင်းဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးက သက်ပေးရွာထဲက နေအိမ်ပေါ်ကိုကျတာ။ အဲဒီအိမ်ထဲက ကလေးက သေသွားတယ်။ မိသားစုတွေက ထိခိုက်ဒဏ်ရာရကြတယ်။ နေအိမ်လည်း ပျက်စီးသွားတယ်”

အခုပစ်လိုက်တဲ့ လက်နက်ကြီးဟာ ၁၂၀ မမ အမျိုးအစား လက်နက်ကြီးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၆ ရက်နေ့ကလည်း အင်းပတ်ရွာထဲကို ၆၀ မမ လက်နက်ကြီးနှစ်လုံး ပစ်ခတ်ခဲ့တာကြောင့် ရွာစာသင်ကျောင်းမှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် အသက် ၅၀ အရွယ် ဦးသန်းစိုး သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် စစ်ဘေးဒုက္ခသည် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်ထဲမှာ အင်အားတစ်ရာလောက်ပါတဲ့ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းထိုး နေတာကြောင့် ရေဦးတိုင်းရင်းဆေးရုံမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ကာပစ်ပေးခဲ့တာကြောင့် ခင်ဦးမြို့နယ်ဘက်အခြမ်းကို ကျခဲ့တာလို့ ရေဦးဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေလို့ ရေဦးမြို့နယ်တောင်ဘက်နဲ့ ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းမှာ နေထိုင်တဲ့ ရွာ ၂၀ နီးပါးက ဒေသခံငါးထောင်နီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်း သေဆုံးသူ ၃,၈၀၅ ဦးအထိရှိလာပြီဖြစ်ပါတယ်။