ခင်ဦးမှာ လက်နက်ကြီးကြောင့် အရပ်သား နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ ဇူလိုင်လ ၂၀ ရက် ဒီနေ့မနက်က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဦးမြို့နယ်ထဲကနေ လက်နက်ကြီးလေးလုံးပစ်ခတ်ရာမှာ ခင်ဦးမြို့နယ် မူးသာရွာထဲကို နှစ်လုံးကျရောက်ပေါက်ကွဲပြီး ရွာခံတွေဖြစ်တဲ့ ကိုမျိုးကိုနဲ့ မသဲမာတို့ သေဆုံးခဲ့ပြီး ကိုစည်သူနဲ့ မသဲသဲမွန်တို့ ဒဏ်ရာရသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စစ်ကြောင်းထွက်နေတော့ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်နေတာရှိတယ်။ ဖြစ်တာက ဒီနေ့မနက် ၉ နာရီလောက်မှာပဲဖြစ်သွားတာ နှစ်ဦးသေတယ်။ မနေ့ကလည်း ဒီရေဦးနယ်ထဲက ပစ်တာပဲ အဲဒီမှာ နှစ်ဦးသေတယ်။ နှစ်ရက်ဆက်တိုက်ပစ်လို့ သေဆုံးတာ လေးဦးရှိပြီ”

ဇူလိုင်လ ၁၉ ရက် မနေ့ကလည်း မူးသာရွာနဲ့ကပ်လျက် သက်ပေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက်ခြောက်နှစ်အရွယ် မောင်မိုးထက်ဝေနဲ့ အသက် ၅၀ အရွယ် ဦးဆန်းဝင်းတို့ သေဆုံးခဲ့သလို လူတချို့လည်း ဒဏ်ရာရခဲ့ပါတယ်။

စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကတော့ လက်ရှိမှာ ရေဦးမြို့နယ် ကုက္ကိုစုနဲ့ ရွာသာလေး ရွာတွေကို ရောက်ရှိနေပြီး ရေဦး၊ ခင်ဦးနဲ့ ဒီပင်း သုံးမြို့နယ် အစပ်မှာရှိတဲ့ ရွာပေါင်း ၁၀ ရွာထက်မနည်းက အရပ်သားတစ်သောင်းလောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းထဲက ဒေသခံရှစ်သိန်းနီးပါး (၇၇၈၉၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။