စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက RFA ကို ပြောပါတယ်။
တဲစုရွာကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ ပုန်းရှောင်နေတဲ့ ကိုယ်ဝန်ဆောင်သည်အပါအဝင် အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ အလင်းရောင် ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအလင်းရောင်က ပြောပါတယ်။
"အခုအသတ်ခံရတဲ့ ပြည်သူတွေက ဘယ်လိုဖြစ်လဲဆိုတော့ တောထဲမှာပုန်းရှောင်နေရင်းနဲ့ သူတို့မိသွားတာ၊ မြင်းကျရွာက တစ်ဦးက ဦးမြင့်ဆွေ၊ တစ်ယောက်က ဦးလှဝင်း၊ သူတို့ကို မြင်းကျရွာနဲ့ ကျွန်းတောအကြားမှာ သတ်ထားခဲ့တာ၊ အဲ့စစ်ကြောင်းက ကျွန်းတောကြီးကို ဝင်တယ်၊ အဲရွာအဝင်ကန်ဘောင်မှာ မယဉ်ဆိုတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုလည်း ကန်ထဲမှာ ပစ်သတ်ထားခဲ့တယ်၊ ကားဆိပ်ရွာမှာလည်း လင်မယားနှစ်ယောက် အပစ်ခံရတယ်၊ မယဉ်မိုးကတော့ ပွဲချင်းပြီးသေတယ်၊ သူ့အမျိုးသား ကိုရှမ်းကြီးကတော့ ပေါင်ရှပ်မှန်တယ်၊ အခု ဆေးကုပေးနေတာ သက်သာတယ်"
ဒါ့အပြင် ကျွန်းတောကြီးရွာက ဒေသခံတွေရဲ့ နေအိမ် ဆယ်လုံးကိုလည်း မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီစစ်ကောင်စီစစ်ကြောင်းနဲ့ နယ်မြေခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဇန်နဝါရီ ၁၂ ရက်နေ့ မနက်ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးအဖွဲ့တွေဘက်က နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီစစ်ကြောင်းဟာ ရေဦးမြို့ထဲကို ပြန်ဝင်သွားတယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေကို သတ်ဖြတ်တယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းတွေအရ စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့အထိ တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသူ (၄၃၄၁) ဦး ရှိပြီဖြစ်ပါတယ်။