ခင်ဦးမှာ စစ်ကြောင်းထိုးလို့ ဒေသခံ ၃၅၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မေလ ၇ ရက်ကစလို့ စစ်ကောင်စီတပ်သား အင်အားနှစ်ရာကျော် ရွာတွေထဲ စီးနင်းမီးရှို့နေတာကြောင့် ရွာရှစ်ရွာက ဒေသခံ ၃၅၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းသုံးခုဟာ ကုတ္တက်၊ ရုံးပင်၊ သင်ပေါင်း၊ ကျီးပြုံး၊ ရွှေတောကြီး၊ သရက်ကုန်း၊ သမင်ကျ စတဲ့ရွာတွေအပါအဝင် ရွာရှစ်ရွာကို ဝင်ရောက်စီးနင်းခဲ့လို့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရတာပါ။

စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာတောင် မလုံလောက်တော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုတ္တက်ရွာခံ အသက် ၆၀ အရွယ် အမျိုးသမီးကြီးတစ်ဦးက RFA ကို ပြောပါတယ်။

“အိမ်မှာဆို ဘာမှရှိတော့မှမဟုတ်ဘူး။ ရွာတွေ မီးရှို့ထားတော့လေ။ အခုလည်း တောကြိုတောကြား ပြေးလွှားနေရတာ။ အခုကလည်း မလွတ်ပြန်ဘူးဆို နေရာတစ်ခုထပ်ရွှေ့၊ နောက်တစ်နေရာပြန်ရွှေ့ အဲလိုနေရတာ။ အိမ်က ဘာမှမယူနိုင်ဘူး၊ ဒီအတိုင်းထွက်ပြေးလာတာ”

မီးရှို့ခံရတဲ့ ခင်ဦးမြို့နယ်ထဲက ကဘွက်၊ ကုတ္တက်၊ သင်ပေါင်း၊ ကျီးပြုံး၊ ရုံးပင် စတဲ့ရွာငါးရွာကိုတော့ ဒေသခံတွေ မပြန်နိုင်ကြသေးတာကြောင့် ပျက်စီးမှုအသေးစိတ်ကို မသိရသေးဘူးလို့ ခင်ဦးဒေသခံတွေက ပြောပါတယ်။

အသက် ၆၀ အရွယ် နောက်ထပ် ကုတ္တက်ရွာခံအမျိုးသားတစ်ဦးကလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာ လေးကြိမ်ရှိလာပြီး စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲဖြစ်ရတယ်လို့ ပြောပါတယ်။

ခင်ဦးမြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ ဧပြီလအထိ မီးရှို့ခံခဲ့ရတဲ့ရွာ ၇၀ ရှိပြီး နေအိမ် နှစ်သောင်းကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

ဒေသခံတွေရဲ့ နေအိမ်မီးရှို့ခံရတာနဲ့ နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အပေါ် အသေးစိတ် သိနိုင်ဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီးဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေ မယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ မေလ ၆ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ နေရပ်စွန့်ခွာ ထွက်ပြေး နေရသူ ခုနစ်သိန်းခွဲနီးပါးအထိ ရှိလာပြီဖြစ်ပါတယ်။