စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းက ရွာတွေကို စစ်ကြောင်းထိုးနေလို့ ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ တစ်သောင်းလောက် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၁ ရက်နေ့က ယာတော်ရွာ မီးရှို့ခံရပြီး မတ်လ ၂ ရက် ဒီနေ့မှာ ကျွန်းတောကြီးရွာကို ဝင်ရောက်စီးနင်း မီးရှို့နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ ပြောပါတယ်။
ယာတော်နဲ့ ကျွန်းတောကြီးအပါအဝင် အနီးတစ်ဝိုက်ရွာတွေဖြစ်တဲ့ မြင်းဒေါင်း၊ သရက်ပင်စု၊ အင်းတိုင်းလေး (တောင်)၊ အင်တိုင်းလေး (မြောက်)၊ မကျီးအုပ်၊ မြင်းကျ၊ သာဝတ္ထိ စတဲ့ ရွာတွေက ဒေသခံတွေပြေးနေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပြေးရတာတော့ သုံးညအိပ် လေးရက်လောက်ရှိပြီ။ ဒီဘက်ရွာဝင်ရင် ဟိုဘက်ရွာပြေး အရှေ့ကပြေးရင် အနောက်ကလိုက် အဲဒီလိုမျိုးပေါ့။ ထမင်းထုပ်တွေဝေရင် ထမင်းစားရတယ်။ ထမင်းမစားရတဲ့ ရက်တွေလည်းရှိတယ်။ စောင်တွေလည်း မပါတာရှိတောာ့ လယ်ကြားမှာ လုံချည်နဲ့ ခြုံပြီး အိပ်ခဲ့ရတာတွေလည်းရှိတယ်။ အခုပတ်ပြေးနေရတော့ ခြေကုန်လက်ပန်းကျပြီး မလှုပ်နိုင်တော့ဘူး”
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးတဲ့နောက် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဖေဖော်ဝါရီ ၉ ရက်နေ့ကနေ ဒီနေ့ထိ ရွာပေါင်း ခုနစ်ရွာက နေအိမ် ၆၀၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ နေအိမ်တွေကို မီးရှို့တာဟာ သူတို့လက်ချက်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။