ပန်ဝါမြို့ကို KIA အုပ်ချုပ်ရေး စတင်

RFA Burmese
2024.11.08
ပန်ဝါမြို့ကို KIA အုပ်ချုပ်ရေး စတင် ပန်ဝါမြို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူထားတဲ့ တရုတ်-မြန်မာနယ်စပ်က ပန်ဝါမြို့ကို အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နိုင်ဖို့ စီစဉ်နေပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက နိုဝင်ဘာလ ၈ ရက်နေ့မှာ RFA ကို ပြောပါတယ်။

“ပန်ဝါကတော့ အုပ်ချုပ်ရေးယန္တရားတွေကို ချမှတ်နိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ အချိန်ပဲဖြစ်ပါတယ်။ ပြည်သူလူထုကို စည်းရုံရေးလုပ်နေတာ စားဝတ်နေရေးကအစ နောက် လုံခြုံရေးတွေက အစပေါ့ အဲလို ဆောင်ရွက်နေပါတယ်”

ပန်ဝါမြို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပြီးနောက် ကချင်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းရဲ့ နေအိမ် အပါအဝင် နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်တပ်တွေနဲ့ ဆက်စပ်တဲ့ အိမ်တွေကိုလည်း ချိပ်ပိတ်ခဲ့ပါတယ်။

ပန်ဝါမြို့ခံတစ်ဦးကတော့ KIA က အုပ်ချုပ်ရေးလုပ်ငန်းတွေကို စတင်လုပ်ဆောင်နေတာ တွေ့ရပြီး လျှပ်စစ်မီးကတော့ ဒီနေ့အထိ ပြတ်တောက်နေဆဲပဲလို့ ပြောပါတယ်။

“အုပ်ချုပ်ရေးတွေ လုပ်တော့လုပ်နေကြပြီ။ ရဲတွေက အကုန်ရှိနေပြီ။ ရုံးတွေလည်း ထိုင်နေကြပြီ။ စာသင်ကျောင်းတွေ မဖွင့်သေးဘူး။ လျှပ်စစ်မီးကလည်း အခုထိ မရသေးတော့ ဒေသခံတွေလည်း အခက်အခဲတော့ဖြစ်နေကြတယ်”

တရုတ်နိုင်ငံဘက်ကလည်း နယ်စပ်ဂိတ်ကို ပြန်မဖွင့်ပေးသေးတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်မှုတွေ ရှိနေတုန်းပဲလို့ သူက ပြောပါတယ်။

၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ အခုအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ မိုးမောက်၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့ မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

သိမ်းပိုက်ထားတဲ့ နယ်မြေဒေသနဲ့ ကျေးရွာတွေမှာ ပြန်လည်ထူထောင်ရေး၊ အုပ်ချုပ်ရေးယန္တရား အားကောင်းရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာ ၂၆ ရက်နေ့က ကျရောက်တဲ့ KIO တည်ထောင်ခြင်း (၆၄) နှစ်ပြည့် မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။