စစ်ကောင်စီတပ်နဲ့ KIA အကြား နမ်ဆန်ယန်မှာ တိုက်ပွဲပြင်းထန်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ဇူလိုင်လ ၉ ရက်အထိ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၈ ရက် ည ၈ နာရီဝန်းကျင်းမှာ နမ်ဆန်ယန်အနီးကို စစ်ရဟတ်ယာဉ်တစ်စီးနဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအပြင် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ဘက်ကိုလည်း စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက် ပစ်ခတ်နေတယ်လို့ နမ်ဆန်ယန် ဒေသခံတစ်ဦးက ပြောပါတယ်။

“ညက ရဟတ်ယာဉ်တစ်စီး ဖြတ်သွားသံကြားပြီး သိပ်မကြာဘူး ဗုံးသံတွေ ကြားရတာပဲ။ နမ်ဆန်ယန်တစ်ဝိုက်ကို လာပစ်သွားတာဟုတ်တယ်။ တိုက်ပွဲက အသံကြားလိုက် ပြန်ငြိမ်သွားလိုက်နဲ့ ဟုတ်တယ်။ စစ်ကောင်စီကလည်း လိုင်ဇာဘက်ကို လက်နက်ကြီး နေ့တိုင်းလိုလိုပစ်နေတာ”

နမ်ဆန်ယန်ကျေးရွာမှာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသခံ တစ်ထောင်ကျော် ဟာ မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ လိုင်ဇာမြို့တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အသက်ကြီးပိုင်းတချို့နဲ့ လယ်ယာလုပ်ကိုင်တဲ့သူတချို့ကတော့ ရွာမှာပဲ ကျန်နေခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လိုင်ဇာမြို့နဲ့ ခြောက်မိုင်ဝန်းကျင်လောက်သာ ကွာဝေးတဲ့ နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီက မြစ်ကြီးနားဘက်ကနေ စစ်ကြောင်းတစ်ကြောင်း၊ ရွှေကူဘက်က စစ်ကြောင်းတစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာပါ။

KIA ဘက်ကလည်း ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းကို ဇူလိုင်လ ၈ ရက်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲအတွင်း KIA ဘက်သုံးဦး သေဆုံးခဲ့သလို၊ ပြည်သူ့စစ်အဖွဲ့ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

တိုက်ပွဲကြောင့် ရှဒူးဇွပ်ကျေးရွာ ဘုရားကျောင်းနဲ့ နေအိမ်တချို့ ပျက်စီးသွာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ရေးအခြေအနေအသေးစိတ်နဲ့ပတ်သက်လို့ KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ထိုးစစ်ဆင်ခဲ့တာကြောင့် နှစ်ဘက် စစ်ရေးတင်းမာပြီး ကံပိုင်တီ-ဝိုင်းမော် ကားလမ်းနဲ့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။