Updated 4:13 PM Jan 22, 2024
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်ဝိန်းကြီးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ဇန်နဝါရီလ ၂၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူပြီး ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား အယောက်သုံးဆယ်ကို ဖမ်းဆီးထားတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြောပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၁၉ ရက်ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာ တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်းဖမ်းမိတဲ့ စစ်သုံ့ပန်းတွေကို ဘယ်လိုအရေးယူဆောင်ရွက်သွားမလဲဆိုတာ မသိသေးဘူးလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။
"ဒုတပ်ရင်းမှူးအပါအဝင် စစ်သား သုံးဆယ်ဖမ်းမိတယ်ဆိုပြီး အကြောင်းလာတယ်။ အဲဒါကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေအရ လတ်တလော ထိန်းသိမ်းထားတယ်။ သူတို့ကို ဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ လောလောဆယ် မသိရသေးဘူး"
ဒီတိုက်ပွဲအတွင်း လက်နက်ခဲယမ်းတွေအပြင် စစ်ကောင်စီတပ်သားရုပ်အလောင်း ဆယ်လောင်းကျော်လည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ငါးဆယ်ကျော်ဟာ တရုတ်နိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။ အဲဒီတပ်သားတွေကို တရုတ်ဘက်က စစ်ကောင်စီတပ်ဆီ ပြန်လွှဲပေးတာ ရှိ၊ မရှိ မသိရသေးဘူးလို့ သူက ပြောပါတယ်။
ဒေသတွင်း သတင်းမီဒီယာတချို့မှာတော့ မန်ဝိန်းကြီးစခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၅၇ ဦးကို တရုတ်နိုင်ငံက ဇန်နဝါရီလ ၂၂ ရက် မနက်ပိုင်းမှာ မူဆယ်နယ်စပ်ကတစ်ဆင့် စစ်ကောင်စီတပ်ဘက်ကို ပြန်လွှဲပေးခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ကချင်ပြည်နယ်ပြောခွင့်ရသူ ဦးသန့်ဇင်ကိုကိုကို RFA က ဖုန်းဖြင့်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
လက်ရှိမှာ KIA ပူးပေါင်းတပ်တွေဟာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က တပ်စခန်းတွေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်းမြို့၊ မိုးမိတ်မြို့နဲ့ ကွတ်ခိုင်မြို့က စစ်ကောင်စီ တပ်စခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။