ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းကို ဇန်နဝါရီ ၂၁ ရက် ဒီနေ့ မနက်ပိုင်းမှာ သိမ်းယူလိုက်ပြီလို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် မဘိမ်းမြို့ပေါ်နဲ့ အနီးအနား ရွာတွေက ဒေသခံ ပြည်သူ လေးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဘိမ်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဇန်နဝါရီလ ၂၀ ရက်၊ မနက် ၅ နာရီဝန်းကျင်မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာကနေ တိုက်ပွဲပြင်းထန်နေတာပါ။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မဘိမ်းမြို့ ရဲစခန်းကို သိမ်းပြီးနောက် ကျန်တဲ့တပ်စခန်းတွေကို ဆက်ပြီးတိုက်ခိုက်နေတယ်လို့ RFA ကို ပြောပါတယ်။
“အခြေအနေ ပြည့်ပြည့်စုံစုံ သတင်းတွေကတော့ မရသေးဘူး။ သိမ်းနိုင်ပြီဆိုတဲ့ သတင်းလောက်ပဲ ကျွန်တော်တို့ ကြားရပါတယ်။ အခုလောလောဆယ်ကတော့ မဘိမ်းရဲစခန်းကို သိမ်းနိုင်တယ်ဆိုတဲ့ သတင်းကတော့ ကြားရပါတယ်။ မပြည့်စုံ သေးဘူးလို့ ပြောချင်တာပါ။ ကျန်တဲ့တပ်စခန်းတွေကတော့ တိုက်နေတုန်းပဲထင်တယ်။ လေကြောင်းက ပစ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ကြားရတယ်”
မဘိမ်းတိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ဦးခွန်သိန်းမောင်ကို RFA က ဖုန်းခေါ် ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
ဇန်နဝါရီလ ၂၁ ရက် ဒီနေ့ မနက်ပိုင်း မဘိမ်းမြို့ပေါ် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ပြည်သူတချို့လည်းရှိနေတယ်လို့ မဘိမ်းဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“လက်ရှိလည်း ပစ်နေတယ်၊ လေယာဉ်နဲ့ ချနေတယ်။ ညကလည်း ချတယ်။ မနေ့ကလည်း တစ်နေ့ကုန်ချတယ်။ ဒီနေ့လည်း အခုမနက် ခုနလေးကပဲ ချနေပြီ။ သတင်းအရတော့ မဘိမ်းရဲစခန်းတော့ တော်လှန်ရေးအဖွဲ့တွေက စီးထားနိုင်ပြီလို့ ကြားတယ်။ အခုက တိုက်ပွဲပြင်းထန်နေတော့ မြို့ထဲ ပိတ်မိတာတွေရှိနေဦးမယ်။ ထွက်ပေါက်တွေက နည်းနည်းရှားတယ်လေ။ လမ်းကြောင်းတွေက တောက်လျှောက် ပိတ်ထားသလိုတွေ ဖြစ်နေတော့ ပစ်နေ၊ ခတ်နေတဲ့အချိန်ဆိုတော့ ပြေးလွှားဖို့ မလွယ်ဘူး”
စစ်ကောင်စီတပ်ဘက်က မနေ့က မွန်းလွဲပိုင်းမှာ Y-12 လေယာဉ်တွေနဲ့ မဘိမ်းမြို့က ဝိုင်းလုံ၊ ကုန်းမခံနဲ့ နတ်ပုံးပုံးရွာတွေထဲ ဗုံးသီး ခြောက်ဆယ်ကျော် ကြဲချခဲ့သလို ညနေ ၈ နာရီဝန်းကျင်မှာလည်း ဗုံးသီး ရှစ်ဆယ်ကျော် ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝိုင်းလုံရွာထဲမှာဆိုရင် လေကြောင်းဗုံးကြဲမှုကြောင့် အိမ်အများစု မီးလောင်ပျက်စီးကုန်သလို အရပ်သား ထိခိုက်ဒဏ်ရာရတာတွေရှိတယ်လို့ ဆိုပါတယ်။ ထိခိုက်မှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဇန်နဝါရီ ၁၈ ရက် မနေ့မနက်ပိုင်းကစလို့ မိုးမိတ်မြို့ရှိ ရဲစခန်းနဲ့ စစ်ကောင်စီ တပ်စခန်းတွေ ကို KIA၊ PDF ပူးပေါင်းတပ်တွေက စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် မိုးမိတ်မြို့နဲ့ ထိစပ်နေတဲ့ မဘိမ်းမြို့ကိုပါ တိုက်ပွဲကူးစက်ဖြစ်ပွားလာတာပါ။