ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ပိတ်ဆို့ တိုက်ခိုက်နေ

RFA Burmese
2025.02.11
ဗန်းမော်က စစ်ကောင်စီ လက်ကျန်တပ်ရင်းတွေကို KIA ပိတ်ဆို့ တိုက်ခိုက်နေ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များကို ရှေ့တန်းတစ်နေရာတွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က တွေ့ရစဥ်။
Kachin News Group

ကချင်ပြည်နယ် ဗန်းမော်မြို့က အမှတ် (၅၀၁၄ ) တင့်ကားတပ်ရင်းကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က သိမ်းပိုက်ပြီးတဲ့နောက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) နဲ့ လက်ကျန် တပ်စခန်းတွေကို KIA က ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ပြောပါတယ်။

စကခ-၂၁ ကို သိမ်းပိုက်နိုင်ဖို့အတွက် အရေးပါတဲ့ အမှတ် (၇၀၀၆) သံချပ်ကာ တပ်ရင်း၊ အမှတ် (၅၀၁၄ ) တင့်ကားတပ်ရင်း၊ အမတ-၃၆၆ အမြောက်တပ်ရင်း စတဲ့ တပ်ရင်းသုံးခုကို ဇန်နဝါရီ လကုန်ပိုင်းနဲ့ ဖေဖော်ဝါရီ လဆန်းပိုင်းမှာပဲ KIA သိမ်းပိုက်ထားနိုင်တာပါ။

လက်ရှိမှာ KIA နဲ့ ပူးပေါင်းတပ်တွေက စကခ-၂၁ ကို ဝိုင်းပတ်ပိတ်ဆို့ထားပြီလို့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“တိုက်ပွဲကတော့ ဖြစ်တော့ ဖြစ်နေတယ်။ အရမ်းပြင်းထန်တဲ့ အခြေအနေတော့ မဟုတ်ဘူး။ စကစ ၂၁ ကို ပတ်ပတ်လည် ဝိုင်းထားတဲ့အခြေအနေ ဟုတ်တယ်”

စစ်ကောင်စီတပ်ကလည်း လေကြောင်းသုံး တိုက်ခိုက်တာအပြင် နည်းပညာအဆင့်မြင့် ဒရုန်းတွေကိုပါ အသုံးပြုတိုက်ခိုက်ပြီး တပ်ရင်းတွေမကျရေး၊ ခုခံကာကွယ်နေတယ်လို့ သူက ဆိုပါတယ်။

KIA သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကလည်း နှစ်ဖက်တပ်တွေ နီးနီးကပ်ကပ် စောင့်ကြည့်နေကြတဲ့ အခြေအနေလို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့တို့ကို KIA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး မံစီမြို့ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ခဲ့ပါတယ်။

မြစ်ကြီးနားမြို့နယ် မြစ်ဆုံအထက်ပိုင်းက KIA ထိန်းချုပ်ဒေသဘက်ကိုလည်း စစ်ကောင်စီတပ်က အင်အားတစ်ထောင်ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။