KIA တပ်ဖွဲ့ဝင်နှစ်ဦးကို ဝါရဇွပ်ပြည်သူ့စစ်အဖွဲ့ ဖမ်းဆီးသွား

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၄၃) တပ်ဖွဲ့ဝင်နှစ်ဦးကို ဇွန်လ ၉ ရက်နေ့က ဝါရဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

KIA တပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ရွာအနီး စစ်ကောင်စီရဲ့ တပ်ရင်း ခလရ (၂၉၇) အကျော်မှာ ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။

ဖမ်းဆီးခံထားရတာကိုပဲ အတည်ပြုနိုင်ပြီး အသေးစိတ်အခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ဝါရဇွပ်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဖမ်းသွားတာဟုတ်တယ်။ သူတို့က ကားသမားတွေကိုငွေကောက်နေတုန်း ဖမ်းသွားတာလို့ကြားတယ်။ ဖမ်းသွားတဲ့အဖွဲ့ကတော့ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇင်သန့်ဦးဆောင်တဲ့အဖွဲ့ပဲ ဟုတ်တယ်။ အခုထိတော့ ဘာသတင်းမှအစအန မကြားရသေးဘူး။ ဖမ်းသွားတဲ့နှစ်ယောက်က ရာထူးရာခံလည်းမသိရသေးဘူး"

ရှဒူးဇွပ်၊ ဝါယာဇွပ်ရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တွေနဲ့ KIA တို့အကြား မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသလို အပြန်အလှန်ဖမ်းဆီးမှုတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

KIA တပ်ဖွဲ့ဝင်နှစ်ဦး ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မေလ ၁၀ ရက်နေ့ကလည်း တပ်မဟာ (၂) လက်အောက်က KIA တပ်ဖွဲ့ဝင်ခြောက်ဦးကို ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ ရွာတွေဒေသခံအမျိုးသားတွေကို KIA ကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကြာခဏဖမ်းဆီးမှု ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။