တရုတ်-မြန်မာနယ်စပ်က ကန်းဖန့်ပြည်သူ့စစ်အဖွဲ့ KIA နဲ့ ပူးပေါင်း
2024.11.04
ကချင်ပြည်နယ် ချီဖွေမြို့နယ် ကန်းဖန့်ကျေးရွာအုပ်စုက ပြည်သူ့စစ်စခန်းအပါအဝင် ကန်းဖန့်ရွာကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၄ ရက်နေ့က သိမ်းပိုက်လိုက်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကန်းဖန့်ပြည်သူ့စစ်စခန်းက ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ KIA တပ်နဲ့ ပူးပေါင်းခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“ကျွန်တော်တို့ KIA စစ်ကြောင်းတွေဝင်လာတဲ့အချိန်မှာ ပြည်သူလူထုတွေက ကြိုကြိုဆိုဆိုနဲ့ အားလုံးက တိုက်ပွဲတွေမရှိဘဲနဲ့ ကန်းဖန်းဘက်မှာရပြီဆိုတဲ့သတင်းကြားရပါတယ်။ ကျွန်တော်တို့ ရောက်လာလို့ သူတို့ပူးပေါင်းသွားတာပါ”
ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ရာကျော် ပူးပေါင်းခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အရေအတွက် အတိအကျမသိရသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ကချင်ပြည်နယ်မှာရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ပူးပေါင်းကြဖို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အောက်တိုဘာလ ၂၅ ရက်နေ့က KIO တည်ထောင်ခြင်း ၆၄ နှစ်ပြည့် မိန့်ခွန်းမှာ တိုက်တွန်းထားပါတယ်။
ဦးဇခုန်းတိန့်ယိန်းဦးဆောင်တဲ့ ကချင်အထူးဒေသ(၁) က ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်းတွေအပါအဝင် နောက်ဆုံးကျန်နေတဲ့ အမှတ်-၁ဝဝ၁ နယ်ခြားစောင့်တပ်ရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ KIA တပ်ဖွဲ့က သိမ်းယူနိုင်ခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့တွေကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ကလည်း ချီဖွေမြို့နယ်ထဲက ဖီမော်ဒေသကို သိမ်းယူခဲ့ပါတယ်။
ကန်းဖန့်ကျေးရွာ သိမ်းယူထားနိုင်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
၂၀၂၄ ခုနှစ် နှစ်စကနေ အခုအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။