ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သိမ်းပိုက်
2024.11.04
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းရွာ တစ်ဖက်ကမ်းမှာရှိတဲ့ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တို့ ပူးပေါင်းတပ်စွဲထားတဲ့ တပ်စခန်းနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ PDF ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၃ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ KIA စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ်က ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ်ဆိုတဲ့ တပ်စခန်းနှစ်ခုကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့ KIA သတင်းအရင်းအမြစ်တစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့ညက သိမ်းပြီး အကုန် နယ်မြေရှင်းလင်းပြီးပြီ။ စစ်ကိုင်းတိုင်းဘက်မှာပါတယ်။ အဲစခန်းတွေက KIA ရဲ့ တပ်ရင်း (၂၆) နယ်မြေပေါ့"
အဲဒီတပ်စခန်းနှစ်ခုပေါင်းမှာ စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းအင်အား နှစ်ရာကျော်ရှိတဲ့ တပ်စခန်းတွေဖြစ်ပြီး နှစ်ဖက် ထိခိုက်သေဆုံးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိရေသေးဘူးလို့ သူက ပြောပါတယ်။
အဲဒီတပ်စခန်းတွေကို အောက်တိုဘာလ ၁၀ ရက်နေ့ကစလို့ KIA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး တစ်လနီးပါးအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းတို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
SNA ရဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဆယ်ဇင်းရွာ တစ်ဖက်ကမ်း စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲဖြစ်နေတာ ၁၁ ရက်ခန့်ရှိလာပြီး ကာကင်းစခန်းတွေ သိမ်းပိုက်ခံရတာရှိပေမဲ့ စခန်းကြီးတွေမှာတော့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲပဲလို့ RFA ကိုပြောပါတယ်။
ကချင်ပြည်နယ်အရှေ့မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ် ချီဖွေမြို့နယ်ထဲက ဖီမော်ဒေသကိုလည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က နိုဝင်ဘာလ ၂ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပါတယ်။