ဟုမ္မလင်းမြို့နယ် ရွှေထွက်ဒေသက စစ်ကောင်စီနဲ့ SNA တပ်စခန်းသုံးခုကို KIA သိမ်းယူ
2024.11.20
ရွှေတူးဖော်ရေးလုပ်ကွက်တွေရှိနေတဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်က စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်စခန်းနှစ်ခုတို့ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၁၉ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ KIA သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ရွှေတွင်းစခန်း၊ စိုင်းပန်ရွာအနီးက SNA စခန်းနဲ့ သံယောဇဉ် စခန်းကုန်းတွေကို နိုဝင်ဘာလ ၁၈ ရက်နေ့ညပိုင်းမှာ သိမ်းနိုင်လိုက်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်မှာ ရှင်းလင်းရေးတွေ လုပ်နိုင်ခဲ့တာလို့ KIA သတင်းရင်းမြစ်တစ်ဦးက RFA ကို ပြောပါတယ်။
“သိမ်းနိုင်တာ စခန်းသုံးခုဟုတ်တယ်။ မနေ့က ဘက်ဟိုး (မြေတူးစက်) တွေနဲ့ဝင်ပြီး အကုန်ရှင်းလင်းပြီးပြီ”
စခန်းသိမ်းတိုက်ပွဲအတွင်း SNA တပ်သား သုံးဦးကို ဖမ်းမိတယ်လို့လည်း သူက ဆိုပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရဲ့ ဥရုချောင်းတစ်ဖက်ကမ်းမှာရှိတဲ့ အဲဒီဒေသက တပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၁၀ ရက်နေ့ကစလို့ တိုးစစ်ဆင်နေတာပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာပါ။
နိုဝင်ဘာလ ၃ ရက်နေ့ကတော့ အဲဒီဒေသက စစ်ကောင်စီတပ်နဲ့ SNA ပူးပေါင်းအင်အား နှစ်ရာကျော်တပ်စွဲထားတဲ့ ရှစ်မျက်နှာဘုရားကုန်းနဲ့ ပန်ချယ် ဆိုတဲ့ တပ်စခန်းနှစ်ခုကို KIA က တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူနဲ့ SNA တာဝန်ရှိသူတို့ကို RFA တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
၂၀၂၄ ခုနှစ် နှစ်စပိုင်းကနေ လက်ရှိအချိန်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံ၊ ဆော့လော်၊ ချီဖွေ၊ ပန်ဝါ စတဲ့မြို့ ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၂၀ ခန့်ကို KIA နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။