ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းဝင်ခဲ့တဲ့ မတ်လ တတိယ အပတ်ကနေ ဧပြီလ ပထမအပတ်အထိ ၁၉ ရက်အတွင်း စီသာရွာခံ ၁၀ ဦး သတ်ဖြတ် ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသတ်ခံရသူတွေဟာ စီသာရွာကို စစ်ကြောင်းဝင်ချိန် ဖမ်းမိသွားတဲ့ စိတ်ရောဂါ ဝေဒနာသည် ကိုစိုးကျော် အပါအဝင် ရွာခံတွေဖြစ်ကြတဲ့ ဦးမြအေး၊ ဦးသန်းချို၊ ဦးထွေး၊ ဦးအောင်မျိုးခိုင်၊ ဦးမောင်နိုင်၊ ဦးစိန်ဝင်း၊ ဦးမြတ်ငြိမ်း၊ ဒေါ်ခင်နွယ်ဦးနဲ့ ဦးစိုးမိုးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
ဧပြီလ ၉ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်ခဲ့တာဖြစ်ပြီး အလောင်းတွေ ကိုတော့ စစ်ကြောင်းတွေ ထွက်သွားတဲ့နောက်ပိုင်း ဧပြီလ ၁၄ ရက်နေ့မှာမှ သင်္ဂြိုဟ်လိုက်တာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"အလောင်း ကိုးလောင်းတွေ့တယ်။ ကိုစိုးကျော်ဆိုတဲ့သူက အဆက်အသွယ်လည်း မရတော့ဘူး။ တွေ့လည်းမတွေ့တော့ဘူးဆိုတော့ သူ့မိဘများကို ကျနော်တို့ပြောပြပြီး ဆွမ်းသွတ်ပေးတာပေါ့လေ။ ကျန်တဲ့ ကိုးလောင်းကတော့ ကျနော်တို့ တိတိကျကျ သင်္ဂြိုဟ်ပေးလိုက်တာ။ သုံးလောင်းက ရွာထဲမှာ။ ကျန်တဲ့အလောင်းတွေကိုတော့ မံနားရွာနားက တောစပ်၊ လယ်စပ်နားမှာ"
အလောင်းတွေမှာ လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေ တွေ့ရတယ်လို့လည်း ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်သွားတာလို့ ဒေသခံတွေကပြောပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
မတ်လ ၂၃ ရက်ကနေ ဧပြီလ ၉ ရက်နေ့အထိ ရွှေကူမြို့နယ်အရှေ့ခြမ်းကို စစ်ကောင်စီတပ် တွေ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ရွှေကူ PDF တွေနဲ့လည်း အနည်းဆုံး တိုက်ပွဲ (၁၀) ကြိမ်ထက်မနည်းဖြစ်ခဲ့တယ်လို့ ရွှေကူ PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် မံဝိန်း၊ စီသာ၊ မံနား၊ တုံးကောက်၊ စီသောင်၊ မံခါး၊ စီမော်၊ ဟိန်ကောင်၊ စီမူကြီး၊ စီမူလေး၊ နောင်လတ်ကြီး၊ နတ်လန် စတဲ့ရွာတွေက နေအိမ် ၉၅၆ လုံးကိုပါ မီးရှို့ခဲ့တယ်လို့ ရွှေကူ PDF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
ဘေးလွတ်ရာထွက်ပြေးနေရတဲ့ ရွာပေါင်း ၁၂ ရွာက ဒေသခံတွေကတော့ လက်ရှိ စစ်ကြောင်းထွက်သွားပေမယ့် နေအိမ်တွေဆီ မပြန်ရဲကြသေးဘဲ တောထဲမှာပဲ ပုန်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဧပြီလ ၉ ရက်နေ့ သတင်းမှာတော့ မတ်လ ၂၃ ရက်ကနေ ဧပြီလ ၈ ရက် အထိ ရွှေကူမြို့နယ်မှာ တိုက်ပွဲပေါင်း ၂၁ ကြိမ်ဖြစ်ခဲ့တယ်လို့ ဖော်ပြထားသလို အဲဒီဒေသကို KIA နဲ့ PDF တွေ ခြေကုတ်ယူပြီး စစ်ကိုင်းတိုင်းကို လက်နက်ခဲယမ်း ထောက်ပံ့တာနဲ့ သစ်မှောင်ခိုထုတ်တာတွေ ရှိတယ်လို့ စွပ်စွဲထားပါတယ်။