တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ရွာဟေ့လူကျေးရွာမှာ အမျိုးသားရှစ်ဦးကို လက်နက်ကိုင်အဖွဲ့က ခေါ်ဆောင်သွားပြီးနောက် နှစ်ရက်အကြာ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ သေဆုံးနေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေမှာ ရွာဟေ့လူကျေးရွာက အမျိုးသားရှစ်ဦးကို လက်နက် ကိုင်ဆောင်ထားသူတွေ လာရောက် ခေါ်ဆောင်သွားပြီးနောက် သေနတ်ဒဏ်ရာနဲ့ အလောင်းတွေ ပြန်တွေ့ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"လာခေါ်သွားတာက လူ လေး၊ ငါး၊ ခြောက်ယောက်လောက် ပါတယ်ဗျ။ သေနတ်တွေလည်း ပါတယ်ဗျ။ ယူနီဖောင်းကတော့ ကော်သူးလေအာမီကပါ။ အလောင်းတွေကို ရွာအဖျားမှာ တွေ့ရတယ်ဗျ။ ၁၃ ရက်မှာ သတင်းကြားတယ်၊ အလောင်းကို ၁၄ ရက်မှာ တွေ့ရတယ်"
သေဆုံးသူတွေဟာ ငြိမ်းချမ်းသာရွာဥက္ကဋ္ဌ ဦးစိန်ဝင်း၊ NLD အစိုးရလက်ထက် ရပ်ကျေးဥက္ကဋ္ဌဟောင်းတွေဖြစ်တဲ့ ဦးအောင်ဖေ၊ ဦးဇော်ဝမ်းနဲ့ ဒေသခံတွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးသန်းဗို၊ ဦးဟန်ဒူး၊ ကိုဇော်သိန်း၊ ကိုဇော်ထွေးတို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။
အဲဒီထဲမှာ ခြောက်ဦးက ရွာဟေ့လူရွာသားတွေဖြစ်သလို နှစ်ဦးကတော့ ငြိမ်းချမ်းသာ ရွာသားတွေဖြစ်ပြီး ၁၄ ရက်နေ့မှာ ရွာအနီးမှာပဲ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေအားလုံးကိုသိရှိတဲ့ ဘုတ်ပြင်းဒေသခံတစ်ဦးကတော့ သူတို့ဟာ လူကုန် ကူးမှုနဲ့ ဆက်စပ် လုပ်ကိုင်နေသူတွေဖြစ်ပြီး လူကုန်ကူးခေါင်းဆောင်တစ်ဦးက လူငှားပြီး သတ်ခိုင်းခဲ့တာလို့ RFA ကို ပြောပါတယ်။
တနင်္သာရီတိုင်းမှာရှိတဲ့ ကော်သူးလေတပ်မတော် (KTLA) ကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ မသိရှိကြောင်းသာ တုံ့ပြန်ပါတယ်။
ဒါပေမဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီဖြစ်ရပ် မှန်ကန်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကိုသာ အတိအကျမသိရသေးဘူးလို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ တနင်္သာရီတိုင်းပြောခွင့်ရသူ ဦးယဉ်ထွေးကလည်း ဒီကိစ္စမှန်ကန်ပေမယ့် လုပ်ဆောင်တဲ့ အဖွဲ့အစည်းနဲ့ အကြောင်းအရင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီသတ်ဖြတ်မှုကို ကော်သူးလေတပ်မတော် (KTLA) က လုပ်ဆောင်တာလို့ ဇန်နဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းမှာ ဖော်ပြနေကြပါတယ်။
တနင်္သာရီတိုင်းက သတင်းအချက်အလက်တွေကို သုတေသနလုပ်နေတဲ့ Southern Monitor ရဲ့ စာရင်းအရ အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ တနင်္သာရီတိုင်းမှာ ဒေသခံ ၃၃၅ ဦး သေဆုံးခဲ့ပြီး ဒီအထဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတပ်ဖွဲ့တွေ ဖမ်းဆီးသတ်ဖြတ်တာအပြင် PDF က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေးဆိုသူတွေကို သတ်ဖြတ်မှုတွေပါ ပါဝင်နေပါတယ်။