စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကျီကုန်းရွာက ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်သားတွေ သတ်ဖြတ်သွားသလို ရွှေဘိုမြို့နယ် ကင်းပြားရွာမှာလည်း အဖမ်းခံခဲ့ရတဲ့ ဒေသခံငါးဦး အလောင်း တွေ့ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဇွန်လ ၁၇ ရက်မနေ့က စစ်ကိုင်းမြို့နယ်၊ ကျီကုန်းရွာကို အင်အား ၈၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်လာချိန် ဖမ်းဆီးခံလိုက်ရတဲ့ အသက် ၅၀ အရွယ် ကိုဆန်းဝင်းအောင် သတ်ဖြတ်ခံရပြီး မီးပါအရှို့ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"စစ်ကြောင်းက ကျီကုန်းကိုမီးရှို့ပြီး ကန်တော်ရိုးဘက်ထွက်သွားလို့ ရွာထဲပြန်ဝင်ချိန်မှာ မီးရှို့ခံထားရတဲ့ သူ့ရဲ့ ရုပ်အလောင်းကို တွေ့ပါတယ်။ စစ်ကြောင်းလာချိန် ထွက်ပြေးချိန်မရလို့ မိသွားတာ။ ကျီကုန်းက အိမ်ရှစ်လုံးလည်း မီးရှို့သွားတယ်"
အခုတော့ အဲဒီစစ်ကြောင်းဟာ ဝက်လက်မြို့နယ်ဘက်အခြမ်းကို ရွှေ့သွားပြီလို့ ဆိုပါတယ်။
အလားတူ ရွှေဘိုမြို့နယ်၊ ကင်းပြားရွာမှာလည်း ဇွန်လ ၁၇ ရက်က သေနတ်နဲ့ပစ်ခံထားရတဲ့ အမျိုးသားငါးဦးရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ကင်းပြားရွာကို ဇွန်လ ၁၅ ရက်ကတည်းက စစ်ကြောင်းဝင်လာတာဖြစ်ပြီး အဲဒီရွာမှာ နှစ်ညအိပ် တပ်စွဲပြီးနောက် ပြန်ထွက်သွားချိန် ရွာထဲမှာ အခုလိုရုပ်အလောင်းတွေ တွေ့ခဲ့တာလို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ရွှေဘိုဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
သေဆုံးသူတွေဟာ ကင်းပြားရွာက အမျိုးသား သုံးဦး၊ အိုးဘိုရွာခံ အမျိုးသား တစ်ဦးနဲ့ မြင်းချင်းရွာက အမျိုးသား တစ်ဦးတို့ဖြစ်ပြီး ကင်းပြားရွာရဲ့ဘုရားဝန်းထဲမှာ ဖမ်းဆီးခံလိုက်ရတာလို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ အသက်နဲ့ အမည်တွေကိုတော့ မိသားစုလုံခြုံရေးအရ ပြောဖို့ အဆင်မပြေဘူးလို့ ရွှေဘိုဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကင်းပြားရွာကနေအိမ် ၁၆ လုံးပါ မီးရှို့ခံခဲ့ရပြီး နေအိမ်ထဲကပစ္စည်းတချို့ကိုပါ ယူသွားတယ်လို့ ရွှေဘိုမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဒေသခံတွေရဲ့ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက်အထိစာရင်းအရ စစ်တပ်အာဏာသိမ်းပြီးချိန်စပြီး သေဆုံးခဲ့တဲ့ အရပ်သား ၃,၆၆၃ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။