ရေစကြိုမြို့ ရေလယ်ကျွန်းမှာ အသတ်ခံရတဲ့ အရပ်သားခြောက်ဦးရှိလာ

RFA Burmese
2023.05.29
ရေစကြိုမြို့ ရေလယ်ကျွန်းမှာ အသတ်ခံရတဲ့ အရပ်သားခြောက်ဦးရှိလာ မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသခံတချို့အား ၂၀၂၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။
Yay Lal Kyun News- ရေလယ်ကျွန်းသတင်း 2

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို မေလ ၂၆ ရက်ကနေ ၂၉ ရက် ဒီနေ့အထိ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်နေချိန် အသတ်ခံရတဲ့ အရပ်သား ခြောက်ဦးရှိပြီလို့ ရေလယ်ကျွန်းဒေသခံတွေက RFA ကို ပြောပါတယ်။

အင်အားသုံးရာနီးပါးရှိတဲ့ စစ်ကြောင်းနှစ်ခုဟာ ရေလယ်ကျွန်းဒေသကရွာတွေထဲကို မေလ ၂၆ ရက်ကစလို့ နယ်မြေရှင်းလင်းရေးအကြောင်းပြချက်နဲ့ စီးနင်းဝင်ရောက်နေတာပါ။

သေဆုံးသူတွေဟာ မိဖုရားရွာက အသက် (၄၀) ဝန်းကျင် အမျိုးသမီးတစ်ဦးနဲ့ သဲအင်း၊ နန်းဦး၊ မဲကုန်း၊ ရေရှား၊ ထန်းတော စတဲ့ ရွာတွေက အသက် (၃၀) နဲ့ (၄၀) ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရေလယ်ကျွန်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“မိဖုရားရွာက အမျိုးသမီးက လက်နက်ကြီးထိမှန်ပြီးသေတာ။ နောက်ပြီး သဲအင်းနဲ့ ကူနီရွာက အမျိုးသား နှစ်ဦးကတော့ စစ်ရှောင်ရင်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်။ မဲကုန်းရွာက တစ်ယောက်ကတော့ စစ်ကြောင်း ထွက်သွားပြီအထင်နဲ့ ရွာထဲပြန်ဝင်ပြီး မီးငြှိမ်းဖို့လုပ်တာမှာ အသတ်ခံရတာ။ ကျန်တဲ့ရွာတွေက အရပ်သားတွေကလည်း အဲလိုပဲ စစ်ကြောင်းတွေနဲ့တိုးလို့ ဖမ်းပြီးအသတ်ခံလိုက်ရတာ”

အဲဒီစစ်ကြောင်းနှစ်ခုဟာ ရေလယ်ကျွန်းဒေသက ရွာ ၅၀ နီးပါးကို လှည့်ပတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေကတော့ လက်ရှိအထိ ထွက်ပြေးနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မေလ ၂၈ ရက် မနေ့ကအထိ မိဖုရား၊ ဆင်တဲ၊ မဲကုန်း၊ နွယ်နီ၊ လှေခုတ်၊ ဆည်သည်၊ ရေရှား၊ ချင်းယား၊ ညောင်မွှေးပင်၊ မြေစွန်း စတဲ့ရွာတွေက နေအိမ် ၃၇၄ လုံးမီးရှို့ခံခဲ့ရတယ်လို့ လည်း ဒေသခံတွေက ပြောပါတယ်။

ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မုတ်ဆိတ်ကတော့ အဲဒီစစ်ကြောင်းနှစ်ကြောင်းဟာ ရေလယ်ကျွန်းဒေသထဲမှာပဲရှိနေသေးပြီး ဆက်ပြီး နယ်မြေရှင်းလင်းရေးလုပ်မယ့် အခြေအနေရှိတယ်လို့ RFA ကို ပြောပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ သတ်ဖြတ်ခံခဲ့ရတဲ့ အရပ်သား ၃၅၈၀ ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။