ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆုတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်း ကင်မ်အဲရစ်ပြော
2025.01.05
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်လာဖို့ ဆုတောင်းပေးကြသူအားလုံးကို ကျေးဇူးတယ်လို့ သားငယ် ကိုထိန်လင်း (ခ) ကင်မ်အဲရစ်က ဇန်နဝါရီ ၅ ရက်နေ့မှာ ရုပ်သံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပြောကြားပါတယ်။
“မေမေအတွက် ဆုတောင်းပေးကြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း မျှော်လင့်မိပါတယ်။ လက်မလျှော့ပါနဲ့ ဆက်လက် မျှော်လင့်ကြတာပေါ့”
ဇန်နဝါရီ ၄ ရက်နေ့က စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြီးသတ် လွတ်မြောက်တာ ဒါမှမဟုတ် နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့နိုင်တယ်လို့ ကနဦး သတင်းထွက်ပေါ်ခဲ့ပေမဲ့ လက်တွေ့ဖြစ်လာတာ မရှိခဲ့ပါဘူး။
ကင်မ်အဲရစ်ကတော့ အခုနှစ်သစ်မှာ မိခင်ဖြစ်သူနဲ့အတူ ဖမ်းဆီးအကျဥ်းချခံရတဲ့ နိုင်ငံရေးအကျဥ်းသား နှစ်သောင်းကျော် ပြန်လွတ်မြောက်ဖို့၊ မိခင်ကို သတိရလွမ်းဆွတ်နေကြောင်း၊ ပြန်ဆုံတွေ့ချင်ကြောင်း ဇန်နဝါရီ ၁ ရက်နေ့ နှစ်သစ်ကူးသတင်းစကားမှာ ပြောထားပါတယ်။
စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်မတိုင်ခင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ မိခင်ဖြစ်သူ ကျန်းမာရေးအတွက် စိုးရိမ်တယ်လို့ ကင်မ်အဲရစ်က ပြောပါတယ်။
အသက် ၇၉ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကို ဖမ်းဆီးစွပ်စွဲခဲ့တဲ့ အမှုတွေထဲက နောက်ဆုံး လက်ကျန်အမှုတွေကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက် အမိန့်ချတဲ့နေ့ နောက်ပိုင်းကစပြီး ရှေ့နေအဖွဲ့နဲ့ လုံးဝတွေ့ဆုံခွင့် မရတော့သလို ပြင်ပကမ္ဘာနဲ့လည်း အဆက်အသွယ် ဖြတ်ခံထားရပါတယ်။
စစ်ကောင်စီ စွပ်စွဲတဲ့အမှု (၁၉) မှုအတွက် ထောင် (၃၃) နှစ် ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁ ရက်မှာ အမှု ငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်းသက်သာခွင့် ရခဲ့တာကြောင့် လက်ရှိမှာ ထောင် (၂၇) နှစ် ဆက်လက်ကျခံနေရပါတယ်။