မေခမြစ်ဒေသမှာ KIOနဲ့ အစိုးရတပ်တွေ တိုက်ပွဲ ဆက်လက်ဖြစ်ပွါး


2013.03.01

မြန်မာပြည်မြောက်ပိုင်း မေခမြစ်ဒေသ ဆော့လော် လော့ခေါင်ဒေသမှာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ  မနေ့ကအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွါးနေပါတယ်။

အဲဒီတိုက်ပွဲမှာ ဦးစခုံတိန့်ယိမ်း ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့တွေကလည်း အစိုးရတပ်တွေဘက်က ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် ကေအိုင်အို ဗဟိုဒေသ၊ တပ်မဟာ ၄၊ တပ်မဟာ၃နဲ့ တပ်မဟာ၂ ဒေသတွေမှာ အခုတလော တိုက်ပွဲတွေ မဖြစ်ပေမယ့် မေခမြစ်အရှေ့ဖက်ခြမ်း လောခေါင်နဲ့ ဆော့လော်ကြားက တောင်ကြောတွေမှာ မနေ့ကအထိ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့အကြောင်း ကေအိုင်အို စစ်မဟာဗျူဟာ လေ့လာရေးဌာနမှုး ဗိုလ်မှုးကြီးဇော်တောင်က RFA ကို ခုလို ပြောပြပါတယ်။

“မနေ့ကတော့ သူတို့ဒေသအခေါ် စုစည်းလို့ခေါ်တဲ့ ရွာရှိတယ်၊ အခုတော့လူမရှိတော့ဘူးပေါ့၊ အဲဒီရွာရဲ့အပေါ်ကုန်း တောင်ကြောတလျှောက်မှာ တိုက်ပွဲတွေဖြစ်တယ်၊ တချို့နေရာတွေကတော့ ကျနော်တို့ ဆုတ်ပေးလိုက်ရတာတွေရှိတယ်၊ တချို့နေရာကျတော့ ကျနော်တို့တပ်တွေ နေရာပြန်ယူထားတဲ့ဟာတွေရှိတယ်၊ အဲ့ဒီတောင်ကြောတလျှောက်မှာပဲ မြစ်ကြီးနားက ၂၉ ရယ်၊ ၂၆၀ရယ်၊ ၇၄ ရယ်၊ ပြီးတော့ ဘီဂျီအက်ဖ်တွေနဲ့ ပြည်သူ့စစ်တွေလဲပါတယ်၊ မနေ့ကပဲ ကျနော်တို့ရတဲ့သတင်းအရ ဆွမ်ပရာဘွမ်လမ်းကြောမှာရှိနေတဲ့ တပ်မ ၃၃ က အဖွဲ့တွေလဲ အဲဒီဘက်ကို ပြန်ပြီးမှ အင်အားထပ်ဖြည့်နေတယ်လို့ ကြားတယ်”

အဲဒီဒေသမှာ ကေအိုင်အို တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၁၀ နဲ့ မြစ်ကြီးနား ကျွန်းပင်သာအခြေစိုက် ခလရ ၂၉၊ မိုးကောင်းအခြေစိုက် ခလရ ၇၄ ၊ မရမ်းအခြေစိုက် ခလရ ၂၆၀ စတဲ့ အစိုးရတပ်ရင်းတွေ တိုက်ပွဲဖြစ်နေတာ ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ကတည်းကဖြစ်ပြီး ၂ ဖက်ထိခိုက်ကျဆုံးတာတွေတော့ အခုထိအသေးစိတ်မသိရသေးဘူးလို့ သူကပြောပါတယ်။ အဲဒီတိုက်ပွဲတွေမှာ ဦးစခုံတိန့်ယိမ်းဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အင်အား အများအပြားပါဝင်တယ်လို့ ဗိုလ်မှုးကြီးဇော်တောင်က ပြောပါတယ်။

“ဦးစခုံတိန့်ယိမ်းလဲ ပြည်သူ့စစ်တပ်တွေဖွဲ့ပြီးမှ ပြန်တိုက်ခိုင်းနေတာ၊ သူ့ရဲ့အကျိုးစီးပွါးအတွက်ပေါ့၊ သူက အဲဒီဘက်မှာ ဟိုးဘုတ်တိုင် ၇ အထက်နားလောက်မှာ သတ္တုမိုင်းတစ်ခုရှိတယ်၊ အဲဒီမှာသူ့အကျိုးကျေးဇူးက တော်တော်ရတာကိုး၊ ဒါကြောင့် အဲဒါကို အေးအေးဆေးဆေး လုပ်စားနိုင်အောင်ဆိုပြီးမှ ပြည်သူ့စစ်ဖွဲ့ပြီးမှ တိုက်ခိုင်းနေတာ၊ အဲဒီမှာရှိတဲ့ လီဆူးတွေရော လဝေါ်တို့ လချိတ်တို့ အားလုံးကိုစုပြီးမှ ဆိုရင်တော့ လေးငါးခြောက်ရာတော့ ရှိမယ်ထင်တယ်၊ တချို့ရည်မှန်းချက်ကတော့ သူတို့ ဒီလူကြားကောင်းအောင် ပြောတာတော့ ချီဖွေနဲ့ လောခေါင်ဆော့လော အဲဒီအကြောက သူတို့ဆက်သွယ်ရေးလမ်းကြောင်းကို သူတို့ပြန်ပြီးမှ စိုးမိုးနိုင်အောင်ဆိုတဲ့ သဘောမျိုးလဲပါတယ်”

ဒီကိစ္စတွေနဲ့ ပတ်သက်လို့ RFA က ဦးစခုံတိန့်ယိမ်းကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဖုန်းအခက်အခဲကြောင့် ဆက်သွယ်လို့မရပါဘူး။ ဦးစခုံတိန့်ယိမ်းဟာ ဒီမိုကရေစီသစ်တပ်မတော် ကချင် NDAK အဖွဲ့ခေါင်းဆောင်ဖြစ်ပီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ အစိုးရနဲ့ သဘောတူခဲ့တဲ့သူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။