ကချင်ပြည်နယ်၊ ချီဖွေမြို့နယ် ဖရဲရွာမှာ ၂၀၂၃ ခုနှစ်၊ မေလကစပြီး ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ခွင့်ပြုချက်နဲ့ မြေရှားသတ္တုတူးဖော်ဖို့ စမ်းသပ်မှုတွေ လုပ်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဖရဲရွာဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၇) ထိန်းချုပ်နယ်မြေ ထဲမှာ ရှိပါတယ်။
လက်ရှိ “ဝ” ကုမ္ပဏီတစ်ခုကို ခွင့်ပြုပေးထားပြီး မြေရှားသတ္တုတူးဖော်ဖို့ ပြင်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခုက မြေရှားသတ္တုရှိ မရှိ စမ်းသပ်နေတဲ့အခြေအနေပေါ့။ KIA ဘက်က ပြည်သူတွေနဲ့ အစည်းအဝေးတွေ ခဏခဏလုပ်တော့ တချို့တွေ သဘောတူလိုက်တော့ သူတို့လည်း စလုပ်တော့မယ်ဆိုပြီး စမ်းသပ်နေတဲ့ အနေအထားပေါ့။ အခုအခြေအနေက တချို့က သဘောတူတယ်၊ တချို့က သဘောမတူဘူး။ ဘယ်လိုဖြစ်လာမလဲတော့ မသိတော့ဘူး”
ဖရဲရွာအနီးတစ်ဝိုက်မှာ ၂၀၂၀ ပြည့်နှစ်လောက်စ မြေရှားသတ္တုတူးဖော်နေတာဖြစ်သလို အခုက အသစ်ပြန်လည် ပြင်ဆင်နေတာဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ နှစ်စကနေ ၂၀၂၅ ခုနှစ်အထိ လုပ်ပိုင်ခွင့်ပေးထားတယ်လို့ ဆိုပါတယ်။
KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ မြေရှားသတ္တုတူးဖော်ရင် ဘယ်လောက် တွင်တွင်ကျယ်ကျယ် ရနိုင်မလဲဆိုတာကို စမ်းသပ်တဲ့အဆင့်ပဲလုပ်နေတာလို့ RFA ကို မေလ ၃၁ ရက်နေ့က ပြောဆိုထားပါတယ်။
ဒါ့အပြင် KIO အနေနဲ့ မြေရှားသတ္တုနဲ့ ပတ်သက်တဲ့စည်းမျဉ်းတွေ သီးသန့်ချမှတ်ထားတာ မရှိသေးသလို လုပ်ငန်းရှင်တွေနဲ့လည်း စာချုပ်ချုပ်ဆိုတာတွေ မရှိသေးဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ကချင်ပြည်နယ်ထဲမှာ မြေရှားသတ္တုကို စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ရာ ချီဖွေ၊ ပန်ဝါဒေသမှာ အများဆုံး တူးနေသလို KIO ထိန်းချုပ်ရာဒေသ တချို့မှာလည်း တူးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြေရှားသတ္တုတူးဖော်မှုဟာ အာဏာသိမ်းပြီးနောက် ပိုများပြားလာပြီး တရုတ်အစိုးရ အကောက်အခွန်ဌာနရဲ့ စာရင်းတွေအရ စစ်အာဏာစသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဧပြီလကုန်အထိ နှစ်နှစ်ကျော်အတွင်း မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကိုတင်ပို့တဲ့ မြေရှားသတ္တုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်နီးပါး ရှိနေပါတယ်။
KIO ထိန်းချုပ်နယ်မြေ မံစီမြို့နယ် ဒိန်ဆိန်းပါဒေသမှာရှိတဲ့ မြေရှားသတ္တုတူးဖော်ဖို့ ပြင်ဆင်နေတာကိုတော့ ဒေသခံတွေ ကန်ကွက်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်နေ့မှာ KIO က ပိတ်သိမ်းခဲ့ပါတယ်။