အရပ်သားသေဆုံးမှုနဲ့ KNDF တပ်ဖွဲ့ဝင်တွေ ထောင်ဒဏ် အနှစ် ၂ဝ ကျော်ချမှတ်ခံရ

ဖမ်းဆီးခံအရပ်သားတစ်ဦး သေဆုံးမှုမှာ တာဝန်ရှိတယ်ဆိုပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က သူ့တပ်ဖွဲ့ဝင်နှစ်ဦးကို ထောင်ဒဏ်အနှစ် ၂ဝ ကျော် ချမှတ်လိုက်ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ ပီကင်းကောခူရွာက အသက် ၂၇ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှုနဲ့ ပြီးခဲ့တဲ့လက ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီလို ဖမ်းဆီးခံထားရချိန်မှာ KNDF တပ်ဖွဲ့ဝင်နှစ်ဦးရဲ့ မလျော်ကန်တဲ့ လက်နက်သုံးပစ်ခတ်မှုကြောင့် သေဆုံးသွားရတယ်လို့ KNDF ရဲ့ မတ်လ ၂၄ ရက် ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီဖြစ်ရပ်ကို ခုံရုံးဖွဲ့ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် KNDF က ပြဋ္ဌာန်းထားတဲ့ စစ်အက်ဥပဒေ ပုဒ်မ(၂၂၊ ၃ဝ)အရ ထောင်ဒဏ် အနှစ် နှစ်ဆယ်နဲ့ တစ်လ အရေးယူလိုက်တာလို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်နေသလို၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင်တချို့ဘက်ကလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်လို့ အမေရိကန်အစိုးရကနောက်ဆုံးထုတ်ပြန်ထားတဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေ မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကို ပြန်လည်ခုခံဖို့ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ စစ်ပွဲအတွင်းလိုက်နာရမဲ့ စစ်စည်းကမ်းတွေကို ထုတ်ပြန်ထားကြပါတယ်။

ဒါပေမဲ့ စစ်စည်းကမ်းမလိုက်နာသူတွေကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အခုလိုနှစ်ရှည်ထောင်ဒဏ် အရေးယူလိုက်တာကတော့ အာဏာသိမ်းပြီးနောက် ပထမဆုံးဖြစ်ပါတယ်။