လိမ်လည်အလှူခံတာတွေ သတိထားဖို့ KNDF ထုတ်ပြန်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ တပ်ရင်းအမည်တွေသုံးပြီး အလှူငွေ လိမ်လည် ကောက်ခံတာတွေရှိနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့ KNDF က အောက်တိုဘာလ ၆ ရက်နေ့က သတိပေးထုတ်ပြန်ပါတယ်။

KNDF တပ်ရဲ့ ဗဟိုကော်မတီဝင်တွေကစပြီး ဌာန၊ ဗျူဟာ၊ တပ်ရင်းတပ်ဖွဲ့တွေ အဆင့်လိုက် ဘဏ္ဍာရှာဖွေရေးကို စနစ်ကျစေဖို့နဲ့ အလွဲသုံးစားမရှိအောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဂုဏ်ပြုမှတ်တမ်းလွှာတွေ အတုလုပ်ပြီး KNDF တပ်ရင်းတွေရဲ့ အမည်နဲ့ လိမ်လည်အလှူခံတာတွေရှိနေသလို KNDF အပေါ် ပြည်သူတွေ ယုံကြည်မှုလျော့နည်းအောင် မသမာသူတွေက လုပ်နေတာတွေရှိတယ်လို့ ဆိုပါတယ်။

ဘဏ္ဍာငွေရှာဖွေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ခန့်အပ်ထားပြီး KNDF တပ်ဖွဲ့ဝင်တစ်ဦးဦးအမည်နဲ့ လာရောက်အလှူခံတာတွေ ရှိလာရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေထံ အကြောင်းကြားတာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အတည်ပြုချက် ရယူပြီးမှသာ လှူဒါန်းကြဖို့အပါအဝင် အချက်လေးချက်ကို သတိပေးထားပါတယ်။

ပြည်သူလူထုတွေအနေနဲ့ KNDF ကို ကူညီထောက်ပံ့ပေးနိုင်ဖို့နဲ့ ယုံကြည်စိတ်ချစွာ အကူအညီတွေပေးနိုင်ဖို့ သတိပြုပေးကြဖို့ကိုလည်း KNDF က တိုက်တွန်းထားပါတယ်။