ဖယ်ခုံမှာ ဒေသခံ နှစ်ရာခန့် ဖမ်းဆီးခံရကြောင်း KNDF ထုတ်ပြန်
2024.11.13
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား နှစ်ရာကို ဖမ်းဆီးထားတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) က နိုဝင်ဘာ ၁၃ ရက် ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဖယ်ခုံမြို့နယ် ပူချယ်ရွာကနေ ကောက်ရိတ်ပြန်လာတဲ့ ဒေသခံတွေကို ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းက နိုဝင်ဘာ ၁၁ ရက်နေ့က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေကို ပင်လောင်းမြို့ အားကစားရုံမှာ ထိန်းသိမ်းထားပြီး အသေးစိတ်ကိုတော့ စုံစမ်းနေဆဲလို့ ဖော်ပြပါတယ်။
ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူးဖြစ်သူ ဦးဗညားကလည်း စစ်ကောင်စီတပ်က အရပ်သားနှစ်ရာခန့်ကို ဖမ်းဆီးထားတာ မှန်ကန်တယ်လို့ RFA ကို ဒီနေ့ အတည်ပြုပါတယ်။
KNDF ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်ကြားက ရွာ လေးရွာနဲ့ ဖယ်ခုံမြို့ပေါ်ရပ်ကွက် နေအိမ်တချို့ကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး နေအိမ်မီးရှို့ဖျက်ဆီးတာနဲ့ ဖောက်ထွင်းလုယက်တာတွေ လုပ်ခဲ့တယ်လို့ KNDF ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ကလည်း ပင်လောင်းမြို့နယ်နဲ့ ဖယ်ခုံမြို့နယ်အစပ်က ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းအဖွဲ့တွေက စစ်ကြောင်းထိုးနေတာကြောင့် ကရင်နီ ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေပြီး လူတစ်ထောင်ခန့် ထွက်ပြေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခု နိုဝင်ဘာလအတွင်းမှာပဲ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေကြောင့် အရပ်သား ခြောက်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။