မိုးဗြဲ-လွိုင်ကော် လမ်းပိုင်းမှာ ကုန်ကားတွေသွားလာခွင့် KNDF ကန့်သတ်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်၊ မိုးဗြဲနဲ့ ကယားပြည်နယ် လွိုင်ကော်မြို့ကို ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေမှာ ဇူလိုင်လ ၁၈ ရက်နေ့ကနေ ၂၈ ရက်အတွင်း ကုန်တင်ကားတွေ သွားလာတာလာမလုပ်ဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ KNDF/B-02 တပ်ရင်းက ဇူလိုင်လ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်က အရပ်သားကုန်တင်ကားတွေကို အသုံးပြုပြီး ရှမ်းပြည်တောင်ပိုင်းကနေ ကယားပြည်နယ်အတွင်းကို လက်နက်နဲ့ ရိက္ခာတွေ ပို့နေတာကြောင့် လမ်းပိတ်ထားဖို့ စီစဉ်တာလို့ မိုးဗြဲအခြေစိုက် KNDF သတင်းနဲ့ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“စစ်ကောင်စီတပ်က အရပ်သား ကုန်ကားတွေနဲ့ ရိက္ခာပို့တာတွေ လှုပ်ရှားတာတွေ ရှိတယ်။ ကျွန်တော်တို့ ရဲဘော်တွေကတော့ ပြည်သူတွေပဲလို့ ထင်ပြီး လွှတ်ပေးလိုက်တာမျိုးတွေ ရှိတယ်။ အခုက သူတို့လူကော ရိက္ခာတွေကော ထပ်ဖြည့်နေတော့ အခုလမ်းပိုင်းကို ခဏပိတ်ထားတဲ့ သဘောလို့ပြောလို့ရမယ်"

အဲဒီလမ်းပိုင်းမှာ ဆယ်ဘီးကား၊ ကုန်ကား၊ တွဲကားတွေ သွားလာတာကို ကန့်သတ်ထားပြီး မဖြစ်မနေ ခရီးသွားမယ်ဆိုရင် ကားငယ်တွေကိုသာ အသုံးပြုဖို့၊ ကားမှန်တွေ ချထားဖို့နဲ့ မိုးကာတွေ အုပ်ထားတာမျိုးမလုပ်ဖို့ KNDF/B-02 တပ်ရင်း ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကယားပြည်နယ်အတွင်း အခြေခံစားသောက်ကုန်နဲ့ စက်သုံးဆီသယ်ယူခွင့်တွေကို စစ်ကောင်စီဘက်ကလည်း ကန့်သတ်မှုတွေ ပြုလုပ်ထားတာပါ။

လက်ရှိမှာ KNDF က ကုန်ကားတွေသွားလာခွင့် ယာယီကန့်သတ်လိုက်တဲ့အတွက် ဒေသအတွင်းကုန်ဈေးနှုန်းတွေ ထပ်တက်လာမှာကို စိုးရိမ်ရတယ်လို့ ဖရူဆိုမြို့နယ်မှာ နေထိုင်တဲ့ စစ်ဘေးဒုက္ခသည် တစ်ဦးက ပြောပါတယ်။

“အရင်ကတည်းက စစ်ကောင်စီတပ်ဘက်က ဆန်ရောဆီရော စားစရာတွေရော ပေါ့နော်၊ ပြီးရင် စက်သုံးဆီရော၊ အဝတ်အထည်တွေပါသယ်ဖို့ ကန့်သတ် ထားတာလေနော်။ စက်သုံးဆီဆိုရင် လွိုင်ကော်မှာ တစ်ပီပါ ငါးသိန်းဆိုရင် ဒီကိုရောက်ရင် ခုနှစ်သိန်းလောက် ဖြစ်သွားတယ်။ အခုက ကုန်ကားတွေ မလာနိုင်ရင်တော့ ဈေးကထပ် တက်ဖို့ပဲ ရှိတော့မယ်။ ဒီမှာက ကုန်ဈေးနှုန်းကအတက်ပဲ အကျကိုမရှိဘူး”

မိုးဗြဲအခြေစိုက် KNDF ပြန်ကြားရေးတာဝန်ရှိသူကတော့ အခုလိုကန့်သတ်လိုက်လို့ ပြည်သူတွေအတွက် အနည်းငယ် အခက်အခဲဖြစ်နိုင်ပေမယ့် စစ်ရေးအရ အရေးကြီးတဲ့အတွက် လုပ်ဆောင်ရတာလို့ ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် ပြောခွင့်ရသူတွေကို RFA ကဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လူဦးရေ သုံးသိန်းဝန်းကျင်နေထိုင်တဲ့ ကယားပြည်နယ်မှာ စစ်တပ်ကအာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေရတဲ့ ဒုက္ခသည်အရေအတွက် နှစ်သိန်းခွဲဝန်းကျင်အထိ ရှိနေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။