စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်၊ နှစ်ဖက် ထိခိုက်သေဆုံး

RFA Burmese
2024.11.03
စစ်ကောင်စီနဲ့ KNLA ပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်၊ နှစ်ဖက် ထိခိုက်သေဆုံး ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တပ်ဖွဲ့ဝင်များအား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းအနီးမှာရှိတဲ့ ခေါပုတ်ရှေ့တန်းစခန်းကနေ ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၄ ဦးသေဆုံးပြီး ၁၇ ဦးကို လက်နက်တွေနဲ့ ဖမ်းဆီးရမိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့မှာပါဝင်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) က နိုဝင်ဘာ ၃ ရက်နေ့ညမှာ သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် BPLA တပ်ဖွဲ့ဝင် တစ်ဦးလည်း တိုက်ပွဲအတွင်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တချို့လည်းရှိတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ရုပ်သံဖိုင်ကိုလည်း BPLA က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း ထိခိုက်မှု အခြေအနေအသေးစိတ်သိနိုင်ဖို့ BPLA နဲ့ KNU တာဝန်ရှိသူတွေကို မေးမြန်းဖို့ RFA က ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာရတာနဲ့ ဖမ်းဆီးခံရကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီရဲ့ ခေါပုတ်ရှေ့တန်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အောက်တိုဘာ ၃၀ ရက်နေ့က သိမ်းယူခဲ့တာပါ။ ဒီစခန်းဟာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ရဲ့ အနောက်မြောက်ဘက် ၂၁ ကီလိုမီတာ အကျော်မှာ တည်ရှိတဲ့စခန်းဖြစ်တယ်လို့လည်း ထိုင်းမီဒီယာတွေက ရေးသားပါတယ်။

ခေါပုတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD) တို့ ပူးပေါင်း သိမ်းယူခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ ခေါပုတ်စခန်းသိမ်းယူတာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။