မြဝတီမြို့နယ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဆယ်ခန့် စခန်းစွန့်ခွာထွက်ပြေး
2024.10.20
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီ-ဝေါ်လေ လမ်းပိုင်းမှာရှိတဲ့ ဘလယ်ဒိုရွာက စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ကာကင်းစခန်းသုံးခုက တပ်ဖွဲ့ဝင်ရှစ်ဆယ်ခန့်ဟာ အောက်တိုဘာ ၂၀ ရက် ဒီနေ့မှာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ Cobra Column-2 VENOM ရဲ့ စစ်ကြောင်းမှူး ကိုစောဝင်းမြင့်က RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ စခန်းစွန်းခွာ ထွက်ပြေးပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်ရှင်းလင်းလိုက်ပြီလို့ ဆိုပါတယ်။
ဘလယ်ဒိုရွာမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အဲဒီကာကင်းစခန်းသုံးခုဟာ စစ်ရေးနဲ့ လုံခြုံရေး ဗျူဟာအရ အရေးပါတဲ့စခန်းတွေ ဖြစ်တယ်လို့ VENOM ရဲ့ စစ်ကြောင်းမှူး ကိုစောဝင်းမြင့်က RFA ကို ပြောပါတယ်။
“ဒီစခန်းကတော့ စစ်ရေးအရလည်း အရမ်းအရေးပါသလို ဗျူဟာလုံခြုံရေးအရလည်း အရမ်းအရေးပါတဲ့နေရာ တစ်နေရာပဲ။ လက်ရှိမှာ စစ်ကောင်စီရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ အင်အားကျဆုံးတဲ့အပေါ်မှာ မဖြစ်မနေ သူတို့ စွန့်ခွာရတဲ့ အနေအထားမို့လို့ သူတို့ စွန့်ခွာလိုက်တယ်လို့ပဲ ကျွန်တော် မြင်တယ်”
လက်ရှိအခြေအနေအရ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ ဂျက်တိုက်လေယာဥ်တွေ ပျံသန်းနေတယ်လို့ သူက ပြောပါတယ်။
ဘလယ်ဒိုရွာဟာ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကျောက်ခက်နဲ့ သေ့ဘောဘိုးရွာကြားမှာရှိပြီး ၂၀၂၂ ခုနှစ်တုန်းက နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးတဲ့ အရေအတွက်ကိုတော့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က အောက်တိုဘာ ၂၀ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းမကိုင်ပါဘူး။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်က လေးကေကော် စွယ်တော်ကုန်း စစ်စခန်းကို KNLA နဲ့ မဟာမိတ် ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။