ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ နေပြည်တော်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးကြဖို့ KNU က အဆိုပြုထားပေမယ့် မတွေ့ဆုံဖြစ်ခဲ့ကြောင်း KNU ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။
ဆွေးနွေးပွဲတက်ရောက်မယ့် တပ်မတော်ဘက်က ခေါင်းဆောင်တစ်ယောက် ကျန်းမာရေး မကောင်းတာကြောင့် တွေ့ဆုံဆွေးနွေးပွဲ ပျက်သွားခဲ့တာဖြစ်ကြောင်းနဲ့ နေပြည်တော်ကနေ ပြန်နေပြီဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက RFA ကို ပြောပါတယ်။
KNU နဲ့ တပ်မတော် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့တို့ ဧပြီလ ၁၂ ရက်နေ့မှာ သီးသန့်တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုထားကြောင်း KNU အဖွဲ့က ဧပြီလ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ နေပြည်တော် NRPC ရုံးမှာ KNU အဖွဲ့နဲ့ တပ်မတော်တို့ မနေ့က တွေ့ဆုံဆွေးနွေးပြီးဖြစ်ကြောင်း ပြောပါတယ်။
NCA မှာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲကတဆင့်သွားဖို့ စီမံချက်တစ်ခုကို KNU အဖွဲ့က မနေ့က NRPC နဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တင်ပြခဲ့ကြောင်း ပဒိုစောတာဒိုမူးက မနေ့က ပြောဆိုထားပါတယ်။
NRPC နဲ့ မနေ့က တွေ့ဆုံဆွေးနွေးပွဲကို KNU ဘက်က အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနဲ့အတူ တွဲဘက်အတွင်းရေးမှူး ၂ ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်း ကော်မတီဝင် ပဒိုစောဆဲဂေ၊ တပ်ပိုင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ် စောတာမလာသောနဲ့ ဗိုလ်မှူး စောတာမူလာတု့ိလည်း တက်ရောက်ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။