စစ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရပြီး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ ရက်က တွေ့ဆုံခဲ့တာကို စစ်တပ်ခန့်အစိုးရက ဓာတ်ပုံ လေးပုံနဲ့ ထုတ်ပြန်ခဲ့တာပါ။
အဲဒီဓာတ်ပုံတွေထဲမှာ ဇွန်လ ၁၉ ရက်နေ့က ကျရောက်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့ကိတ်ခွဲနေတဲ့ပုံလည်းပါဝင်ပါတယ်။ အဲဒီမွေးနေ့ကိတ်ကို နေပြည်တော် သုခတော်ဝင်အိမ်ရာက ကိတ်ဆိုင်တစ်ဆိုင်ကနေ အာဏာပိုင်တွေ မှာယူခဲ့တာလို့ ကိတ်ဆိုင်နဲ့ နီးစပ်သူတချို့က RFA ကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ဆုတောင်းတာ၊ နှင်းဆီပန်းပန်တာ၊ မွေးနေ့အလှူလုပ်တာနဲ့ လူမှုကွန်ရက်ပေါ်မှာ မွေးနေ့ဆုတောင်းစကား ရေးသားတာတွေကြောင့် ဇွန်လအတွင်း အရပ်သားပြည်သူ ၂ဝ ကျော်ကို စစ်တပ်ခန့် အစိုးရက ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ဒီလိုဖမ်းဆီးအရေးယူနေပြီး တစ်ဖက်မှာ မွေးနေ့ဓာတ်ပုံတွေထုတ်ပြလာတာဟာ နိုင်ငံရေးအရ အသုံးချဖို့ ရည်ရွယ်တဲ့လုပ်ရပ်ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ဝေဖန်ပါတယ်။
“အမေစု အကျဉ်းကျနေတဲ့အချိန်မှာ နှင်းဆီပန်းလေးပန်တာလောက်တောင် လက်မခံဘူး။ လူထုကတော့ မကျေနပ်ဘူးပေါ့ အရင်က စည်စည်ကားကားလုပ်ခဲ့ကြတာ။ သူတို့လည်း ဒီမွေးနေ့ကိတ်ကျွေးချင်လို့ မွေးနေ့အဖြစ် တကယ်အသိအမှတ်ပြုပြီး လုပ်ပေးတယ်လို့ မမြင်ဘူး။ သူတို့လုပ်ကြံဖို့အတွက်ကို သေချာသိမ်းထားတဲ့ ဓာတ်ပုံတစ်ပုံလို့ ပြောလို့ရတယ်”
စစ်တပ်ခန့်အစိုးရက နိုင်ငံတကာကို ပူးပေါင်းဆောင်ရွက်နေတဲ့ ပုံရိပ်ပြဖို့ ကြိုးစားနေတဲ့ တစ်ချိန်တည်းမှာပဲ ပြည်တွင်းက ပြည်သူတွေကိုတော့ ဖိနှိပ်နေတယ်ဆိုတာ ထင်ဟပ်နေတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။
“ပြည်သူကိုဖိနှိပ်တယ်ဆိုတာက သူ့ရဲ့အာဏာသက်ရောက်မှုသဘော ဖော်ဆောင်သလို အခုဒီလိုမျိုးဖော်ပြတယ်ဆိုတဲ့ဥစ္စာက နိုင်ငံတကာက လှုပ်ရှားနေတဲ့ လှုပ်ရှားမှုခေါင်းစဉ်အောက်မှာ၊ ပြီးတော့ စွပ်စွဲပြောဆိုမှုတွေအောက်မှာ သူ့ရဲ့လုပ်ပိုင်ခွင့်ရှိတဲ့ ဘောင်ထဲကနေ အလျှော့မပေး အညံ့မခံဘဲနဲ့ နိုင်ငံတကာတောင်းဆိုမှုတွေကို တစ်ဖက်တစ်လမ်းက ပြေလည်စေမဲ့ နည်းအဖြစ်နဲ့ အသုံးချပြီးလုပ်သွားတယ်လို့ နားလည်လို့ရတယ်”
ရန်ကုန်မြို့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အမတ်ဟောင်း ဒေါက်တာစောနိုင်က ဇွန်လ ၁၉ ရက်နေ့မှာ ဆွမ်းခံကြွလာတဲ့ သံဃာတော်တွေကို ဆွမ်းလောင်းတဲ့ ဓာတ်ပုံနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့နဲ့ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းစာ လူမှုကွန်ရက်မှာ တင်မိလို့ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-က နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။
မန္တလေးမြို့မှာလည်း “81 Electronic” ကုမ္ပဏီရဲ့ ၈၁ နံပတ်ပါတဲ့ အားကစားဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား သုံးဦးနဲ့ နှင်းဆီပန်းပန်ထားတဲ့ အမျိုးသမီး နှစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာမြို့မှာတော့ နှင်းဆီပန်းရောင်းသူ၊ ဝယ်သူ၊ ပန်သူ၊ ဘုရားပန်းကပ်သူနဲ့ ပန်းအိုးထိုးသူ အပါအဝင် အနည်းဆုံး ၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်မှာလည်း နှင်းဆီပန်းအနီ ကိုင်ဆောင်ပြီး TikTok မှာ ဗီဒီယိုတင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။
စစ်တပ်အရာရှိဟောင်း ဒေါက်တာအောင်မျိုးက “ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိနိုင်ငံတော်အစိုးရက အကျဉ်းချုပ်သဘောမျိုး အချုပ်ထောင်ထဲမှာ ထားတာမဟုတ်ဘူး၊ သက်တောင့်သက်သာနေရတယ်ဆိုတာကို ပြလိုက်တာပေါ့နော်။ နောက်တစ်ခုက မွေးနေ့ကိတ်ခွဲခွင့်ရတယ်ဆိုတာကိုက သူ့ကိုသာမန်အကျဉ်းသားလိုမထားပဲနဲ့ အထူးအခွင့်အရေး ပေးထားတယ်ဆိုတဲ့အချက် အဓိကထားပြီးပြတယ်။ နောက်တစ်ခုကတော့ သူရဲ့ Status ကတော့ ICRC နဲ့တွေ့တယ်ဆိုကတည်းကိုက အကျဉ်းသားအဆင့်ပဲဆိုတာကို သူက ဒီသဘောကို ထင်ဟပ်စေတာပေါ့နော်” လို့ ပြောပါတယ်။
စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ကိုခန့်ဝေဖြိုးကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို နိုင်ငံရေးအရ အသုံးချဖို့ ကြိုးစားနေတာလို့ သုံးသပ်ပါတယ်။
“အာဆီယံထဲမှာ နိုင်ငံတကာအသိုက်အဝန်းထဲမှာ မင်းအောင်လှိုင်ကိုယ်တိုင်က လူရာဝင်ဆန့်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကို နိုင်ငံရေးအရ အသုံးချဖို့ ကြိုးစားရုံသက်သက်ပဲလို့ သုံးသပ်တယ်။ မြန်မာပြည်သူတွေရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားရှိတဲ့ ခိုင်မာတဲ့ထောက်ခံမှု ယုံကြည်မှုတွေကိုတော့ စစ်အုပ်စုက ဘယ်လိုပဲ တားဆီး၊ တားဆီး ဘယ်လောက်ပဲ ခြိမ်းခြောက်၊ ခြိမ်းခြောက် ချေဖျက်နိုင်မှာ မဟုတ်ပါဘူး”
စစ်တပ်ခန့်အစိုးရဘက်ကတော့ မွေးနေ့ကိတ်ဓာတ်ပုံတွေပူးတွဲထုတ်ပြန်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုထားတာမရှိပါဘူး။
