စစ်ကောင်စီတပ်စခန်း ငါးခုကို ဝင်တိုက်ခဲ့ကြောင်း KNU ဗဟိုထုတ်ပြန်
2023.06.08

ကရင်ပြည်နယ်၊ ခလယ်လွီထူခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃)နယ်မြေ မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ စခန်း ငါးခုကို ဇွန်လ ၆ ရက်နေ့ တစ်ရက်တည်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး ( KNU)ဗဟိုက ဇွန်လ ၈ ရက်၊ ဒီနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်အတွင်းက ရေတွင်းကုန်းလမ်းခွဲကင်းစခန်း၊ နတ်သံကွင်း မြို့ရဲစခန်း၊ နတ်သံကွင်း တံတားထိပ်က ရဲနဲ့ ပူးပေါင်းတပ်စခန်း (တံတားအရှေ့ကင်း)၊ ကွင်းချောင်းဝ အရှေ့ခြမ်းရှိ တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်စခန်း (တံတားအနောက်ကင်း) နဲ့ ဘုံသတောစခန်း စတဲ့ တပ်စခန်း ငါးခုကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းတွေဖြစ်တဲ့ နတ်သံကွင်းတံတား၊ အုန်းနဲပင်နဲ့ နယွဲပင်ကြား တံတားနဲ့ သာစည်နဲ့ တာဆုံကြားရှိ တံတားစတဲ့ တံတားသုံးစင်းကိုလည်း ချိုးဖျက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်သား ၄၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးရှိသလို KNLA တပ်မဟာ(၃) လက်အောက်ခံ ပူးပေါင်းတပ်ဘက်ကလည်း လေးဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအရေအတွက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဝင်တိုက်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေကနေ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ပွဲအတွင်းဂျက်တိုက်လေယာဉ်၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်း တိုက်ခိုက်မှု ကိုးကြိမ်အထိလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ဇွန် ၆ ရက်နေ့ မနက်က ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က ပေ ၇၀၀ ကျော် ရှည်လျားတဲ့ နတ်သံကွင်း စစ်တောင်းမြစ်ကူးတံတားကို KNLA အဖွဲ့က မိုင်းနဲ့ဖောက်ခွဲခဲ့တဲ့အတွက် တံတားကမ်းကပ်ခုံနဲ့ ကပ်လျက် ပေ ၁၃၀ ခန့် ပြိုကျပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။ အလားတူ ပဲခူးတိုင်း ကျောက်ကြီး၊ ရွှေကျင်၊ ကျောက်တံခါး၊ ညောင်လေးပင်၊ ထန်းတပင်နဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွေက တံတားတွေကို ဖောက်ခွဲဖျက်ဆီးတာဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ဒီနေ့အထိ (၂၂) ကြိမ် ရှိပြီလို့လည်း ဖော်ပြထားပါတယ်။
စစ်ရေးနဲ့မသက်ဆိုင်ဘဲ အများပြည်သူ အသုံးပြုနေတဲ့ လမ်းတံတားတွေကို ဖောက်ခွဲဖျက်ဆီးတာဟာ စစ်ရာဇဝတ်မှုကို ကျူးလွန်တာလို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
ဒါပေမဲ့ တပ်စခန်း ငါးခု တိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာ ဖော်ပြထားတာ မရှိသလို စစ်ကောင်စီရဲ့ ကရင်ပြည်နယ်ပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က ဒီနေ့ ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။
ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟိုရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်က စစ်တောင်းမြစ် အနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းမှာရှိတဲ့ ကျေးရွာတွေ အတွင်းကို လက်နက်ကြီးနဲ့ ဒီနေ့အထိ ပစ်ခတ်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာရှိတဲ့ နတ်သံကွင်း၊ ဒေါင်းမို့၊ တောကြောင်ပေါက်၊ ဝါးပင်စု၊ သောင်ပု စတဲ့ ကျေးရွာတွေနဲ့ ကေအဲန်ယူ-မူးမြို့နယ်မှာရှိတဲ့ ရေတွင်းကုန်းကြီး၊ ရေတွင်းကုန်းလေး၊ ဥသျှစ်ခင်၊ အုန်းပင်စု၊ သပြေကုန်း စတဲ့ ကျေးရွာတွေက ဒေသခံ ၄၅၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်ရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။