စက်တင်ဘာလထဲ တိုက်ပွဲ ၂၆၅ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNU ထုတ်ပြန်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထဲ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေထဲမှာ စစ်ကောင်စီနဲ့ KNU လက်အောက်ခံတပ်တွေ တိုက်ပွဲပေါင်း ၂၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၂၃၄ ဦး သေဆုံးကာ KNU ဘက်က ငါးဦး သေဆုံးခဲ့တယ်လို့ KNU က အောက်တိုဘာလ ၄ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ဒဏ်ရာရရှိသူ ၂၆၅ ဦးရှိပြီး KNU လက်အောက်ခံတပ်တွေဘက်က ၁၀ ဦးကျော် ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဒီအရေအတွက်တွေနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဒူးသထူခရိုင်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) အဖွဲ့တွေနဲ့ စစ်ကောင်စီတပ် အပါအဝင် နယ်ခြားစောင့်တပ် (BGF) တို့ တိုက်ပွဲ ၂၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ကားခုနစ်စီးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒူးသထူခရိုင်ထဲက ဒေသခံတွေရဲ့ ရွာတွေနဲ့ လုပ်ငန်းခွင် အပါအဝင် ပြည်သူတွေ သွားလာတဲ့လမ်းမတွေပေါ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုပေါင်း ၂၉ ကြိမ်ရှိခဲ့ပြီး ပြည်သူရှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်ထဲမှာ စစ်ကောင်စီကို ပြောက်ကျားတိုက်ခိုက်မှု နှစ်ကြိမ် ရှိခဲ့သလို တပ်မဟာ (၃) ညောင်လေးပင်ခရိုင်ထဲမှာလည်း နှစ်ဖက်တိုက်ပွဲ ၁၄ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲကြောင့် ထွက်ပြေးနေရတဲ့ဒုက္ခသည် ဒဲဒိုးအုပ်စုဘက်မှာ ၅၀၀၀၀ ခန့်ရှိပြီး လော်မူသောနဲ့ လော်မူပယ်ရွာ နှစ်ခုမှာ ၅၉၈ ဦးရှိနေပါတယ်။

တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ မြိတ်/ထားဝယ်ခရိုင်ထဲမှာ တိုက်ပွဲငါးကြိမ်နဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ မူတြော်ခရိုင်ထဲမှာတော့ တိုက်ပွဲပေါင်း ၂၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တပ်မဟာ (၅) ထဲက ရွာတွေနဲ့ လုပ်ငန်းခွင်တွေ ထဲကို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ၁၆၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် လူနေအိမ် ၁၀ လုံး ထိမှန်ပျက်စီးခဲ့ပြီး ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့လည်း KNU က ဆိုပါတယ်။

တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်ထဲမှာတော့ နှစ်ဖက်တိုက်ပွဲ ခြောက်ကြိမ်ဖြစ်ပွားခဲ့ပြီး ဘုရားသုံးဆူ၊ ကရင်စု၊ ချောင်းဆုံနဲ့ သရက်ပင်ရွာတွေက စစ်ကောင်စီပိုင် Mytel တာတိုင်တွေ ဖောက်ခွဲ ဖျက်ဆီးခံရတာလည်းရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလထဲမှာ တပ်မဟာ (၇) ဘားအံခရိုင်ကလွဲပြီး KNU ထိန်းချုပ်တဲ့ ကျန်တဲ့နယ်မြေတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားမှုနဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်နေဆဲဖြစ်ပါတယ်။