ကျောက်ကြီးမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KNU ပူးပေါင်းတပ်တွေ သိမ်းယူ

RFA Burmese
2025.01.09
ကျောက်ကြီးမြို့နယ်က စစ်ကောင်စီစခန်းတစ်ခုကို KNU ပူးပေါင်းတပ်တွေ သိမ်းယူ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ခူသေစိုးတပ်စခန်းကို သိမ်းပိုက်ပြီးနောက် မြင်ကွင်းအား ၂ဝ၂၅ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး (KNU)က ထုတ်ပြန်ထားစဉ်။
Photo: KNU

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် (လယ်ဒို) မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းကို သိမ်းယူနိုင်ခဲ့ကြောင်း KNU က ဇန်နဝါရီလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လယ်ဒိုမြို့နယ်အတွင်းမှာ နှစ်ပေါင်း ၅၀ နီးပါး တပ်စွဲထားတဲ့ စစ်တပ်ရဲ့ ခူသေစိုးတပ်စခန်းကို KNU တပ်မဟာ ၃ တပ်ဖွဲ့တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေကဒီဇင်ဘာလ ၃၁ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့မှာတော့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ရှစ်ဦးသေဆုံးခဲ့သလို တပ်သားတချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ရေးသားထားပါတယ်။

လက်နက်ခဲယမ်းတွေလည်း သိမ်းယူနိုင်တယ်လို့ ထုတ်ပြန်ထားပြီး KNU ပူးပေါင်းတပ်ဖွဲ့က ထိခိုက်သေဆုံးတာတော့ ထည့်သွင်းထုတ်ပြန်တာ မရှိပါဘူး။ စစ်ကောင်စီတပ်သားတွေ သေဆုံးတဲ့ အရေအတွက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

KNU က စခန်းသိမ်းတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

အာဏာသိမ်း လေးနှစ်နီးပါးအတွင်း ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းက KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) အထိ ရှိလာပြီး လူသားချင်းစာနာမှု အကူအညီလိုနေတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။